ဓာတ်ပုံပညာသင်ယူစ လက်သစ်များ အတွက် ကင်မရာ မုဒ်ရွေးချယ်ရန်လမ်းညွှန် – အော်တိုမုဒ်၊ ပရိုဂရမ်မုဒ် နှင့် ရှပ်တာဦးစားပေးမုဒ်

Unicode Version | Zawgyi-One Version

အတွေ့အကြုံများတဲ့ တကယ့်ဓာတ်ပုံဆရာကြီးတွေတောင်မှ အော်တိုမုဒ် ကဲသို့သောမုဒ် များကို တခါတရံအသုံးပြုပါသေးတယ်။ အလင်းထိတွေ့မှု exposure ကိုတွက်ချက်ရင်း အချိန်ကုန်ကာပုံမရလိုက်မည့်အစား ပုံကိုချက်ခြင်းလက်ငင်းရရှိလိုလို့ဖြစ်ပါတယ်။

သို့သော်မိတ်ဆွေဟာ ဓာတ်ပုံပညာကို ယခုမှစတင်သင်ယူသူဖြစ်ပြီး အော်တိုမုဒ်ကိုအသုံးပြုသူအဖြစ်မှကျော်လွန်ကာတတ်မြောက်လိုပါက အော်တိုမုဒ်ကိုမသုံးပဲတခြားမုဒ်တွေကို စတင်သုံးကြည့်လိုက်ပါ။

အခုမိတ်ဆွေဖတ်ရှုနေတဲ့ Digital Photography Myanmar ရဲ့ဆောင်းပါးမှာ အော်တိုမုဒ် (auto mode)၊ ပရိုဂရမ်မုဒ် (program mode) နဲ့ ရှပ်တာဦးစားပေးမုဒ် (shutter priority mode) ကိုရှင်းပြပါမယ်။ ကင်မရာရဲ့ တခြားမုဒ်တွေဖြစ်တဲ့ အပါချာဦးစားပေးမုဒ် (aperture priority mode)၊ မန္နူရယ်မုဒ် (manual mode) နဲ့ Scene မုဒ် တွေကို Digital Photography Myanmar မှာနောက်နေ့တွေမှာ ဖော်ပြပေးပါမယ်။ လာရောက်လေ့လာဖတ်ရှုနိုင်ပါတယ်။

မိတ်ဆွေဟာ ဓာတ်ပုံရိုက်ရန်အတွက် ကင်မရာကို setting လုပ်ပြီဆိုပါက အောက်ပါအခြေခံအချက်လေးချက်ကို စဉ်းစားရပါမယ်။

(၁) မြင်ကွင်းရဲ့ အရှေ့မှအဆုံးထိပြတ်သားကြည်လင်မှုကို ရရှိလိုသလား (wide dept of field)

(၂) မြင်ကွင်းရဲ့ အရှေ့နှင့်အနောက်တွင်ဝေဝါးနေလိုသလား (shallow dept of field)

(၃) မြင်ကွင်းထဲမှလှုပ်ရှားမှုများကို အရိပ်သဖွယ်မြင်လိုသလား (motion blur)

(၄) မြင်ကွင်းထဲမှလှုပ်ရှားမှုများ ရပ်တန့်နေသည် ကိုမြင်လိုသလား (freeze motion)

တို့ကိုစဉ်းစားဆုံးဖြတ်ရပါမယ်။ ဘယ်လိုပုံထွက် လိုချင်သလဲဆိုတာကို ဆုံးဖြတ်ပြီးနောက် ဘယ်မုဒ်ကို အသုံးပြုဖို့ ဘယ်လိုဆုံးဖြတ်ရမလဲ ဆိုတာကိုအောက်မှာ ဆွေးနွေးပါမယ်။

အော်တိုမုဒ်(Auto Mode)

အော်တိုမုဒ်မှာ shutter၊ aperture၊ ISO၊ white balance နဲ့ pop-up flash တို့ကို ကင်မရာက ဆုံးဖြတ်ပါတယ်။

အားသာချက်။ ကင်မရာအသုံးပြုခါစသူ တွေအတွက်ကောင်းပါတယ်။ ဒါကိုပဲ အမြဲတမ်းအသုံးမပြုပါနဲ့။ ကင်မရာကို ကျွမ်းကျွမ်းကျင်ကျင် မသုံးတတ်ခင်အထိပဲသုံးပါ။

အားနည်းချက်။ တချို့သောအလင်းခြေအနေတွေမှာ ပုံထွက်မကောင်းနိုင်ပါဘူး။ ဥပမာအားဖြင့် နောက်ခံအလင်းများနေတဲ့ အချိန်မှာ လူရုပ်ပုံကိုရိုက်မည် ဆိုပါက မှောင်မည်းနေသောလူရိပ်ပုံ ကိုသာရရှိနိုင်ပါတယ်။ အလင်းနည်းသော အချိန်မှာရိုက်ကူးရင်လဲ အစက်အပြောက် noise များတဲ့ ပုံကိုသာရရှိနိုင်ပါတယ်။

အသုံးပြုရန်အချိန်။ ဘယ်အချိန်မဆို ကင်မရာကို အလွယ်တကူ ချိန်-ရိုက် အသုံးပြုလိုပါက ဒီမုဒ်ကို အသုံးပြုပါ။

ပရိုဂရမ်မုဒ် (Program Mode, P)

ပရိုဂရမ်မုဒ် မှာကတော့ shutter speed နဲ့ aperture ကို ကင်မရာက ဆုံးဖြတ်ပါမယ်။ မိတ်ဆွေအနေနဲ့ ISO၊ white balance၊ exposure compensation နဲ့ flash တို့ကို ရွေးချယ်နိုင်ပါတယ်။

အားသာချက်။ လေ့လာစ ပညာသင်စတွေအတွက် အသုံးပြုသင့်တယ့် မုဒ်တစ်ခုဖြစ်ပါတယ်။ ကင်မရာကို အော်တိုမုဒ် ထက်ပိုမို ထိန်းချုပ်နိုင်ပြီး ကျွမ်းကျင်စွာအသုံးပြုပါက ပုံထွက်ပိုမို ကောင်းမွန်စေပါတယ်။

အားနည်းချက်။ အော်တိုမုဒ်မှာကဲ့သို့ တချို့သောအလင်းခြေအနေတွေမှာ ပုံထွက်မကောင်းနိုင်ပါဘူး။ shutter speed နဲ့ aperture ကို ကင်မရာက အလိုအလျောက်ရွေးချယ်ပေးတာကြောင့် ခန့်မှန်းရခက်ခဲစေပါတယ်။

 အသုံးပြုရန်အချိန်။ ကင်မရာကို ပိုမိုကျွမ်းကျင်စွာ အသုံးပြုနိုင်ဖို့ ပထမခြေလှမ်းအနေဖြင့် ပရိုဂရမ်မုဒ် ကိုအသုံးပြုပါ။

ရှပ်တာဦးစားပေးမုဒ် (Shutter Priority Mode)

ရှပ်တာဦးစားပေးမုဒ် ကို Canon မှ Tv ဟုသုံးပြီး Nikon မှ S ဟုသုံးပါသည်။ ရှပ်တာဦးစားပေးမုဒ် တွင် မိတ်ဆွေက shutter speed နှင့် ISO ကိုရွေးချယ်နိုင်ပြီး သင့်တော်တဲ့ အလင်းထိတွေ့မှု exposure ရရှိရန် f-stop ကို ကင်မရာက ဆုံးဖြတ်ပေးပါလိမ့်မည်။

အားသာချက်။ လှုပ်ရှားမှုများ နဲ့သက်ဆိုင်တဲ့ပုံရိုက်လိုတဲ့အခါ အသုံးပြုပါတယ်။ လှုပ်ရှားမှုများ ရပ်တန့်နေတဲ့ပုံလိုအပ်လျှင်ဖြစ်စေ၊ လှုပ်ရှားမှုများကို အရိပ်သဖွယ်ဖြစ်စေလိုလျှင်ဖြစ်စေ လိုအပ်သလို အသုံးပြုနိုင်ပါတယ်။

အားနည်းချက်။ ရှပ်တာဦးစားပေးမုဒ်ကို အသုံးပြုပြီး shutter speed ကို လိုအပ်သလိုထိန်းချုပ်နိုင်ပါတယ်။ ဒါပေမယ့် သင့်တော်တဲ့ exposure ကိုရရှိဖို့ ကင်မရာက f-stop ကိုရွေးချယ် ပေးမယ်ဆိုတာကို အမြဲသတိပြုနေရပါမယ်။ ဒါကြောင့် မိတ်ဆွေမှာရှိတဲ့ lens ကအရေးကြီးလာပါတယ်။ ကင်မရာတော်တော်များများဟာ shutter speed အလွန် မြန်မြန်ဆန်ဆန်ရိုက်ကူးနိုင်စွမ်း ရှိကြပါတယ်။ ဒါပေမယ့် မိတ်ဆွေမှာ မြန်ဆန်တဲ့ ကင်မရာနဲ့လိုက်ဖက်တဲ့ aperture ကျယ်ကျယ်မရှိရင် ပုံက under-exposed ဖြစ်ပြီး မှောင်မည်းနေပါလိမ့်မယ်။

ဥပမာအားဖြင့် မိတ်ဆွေဟာ shutter speed ကို တစ်စက္ကန့်ရဲ့ အပုံလေးထောင်ပုံလို့တစ်ပုံရဲ့ အမြန်နှုန်း (1/4000th of a second) နဲ့ ဓာတ်ပုံရိုက်နေတယ်ဆိုကြပါစို့။ သင့်လျော်တဲ့ အလင်းထိတွေ့မှု exposure ရရှိဖို့အတွက် f-stop က f/2.8 လိုအပနိုင်ပါတယ်။ ဒါပေမယ့် မိတ်ဆွေ lens ရဲ့ အကျယ်ဆုံး aperture က f/3.5 သာရှိမယ်ဆိုရင် အလင်းရရှိမှုမလုံလောက်ပဲ ပုံက under-exposed ဖြစ်နေပါလိမ့်မယ်။

အသုံးပြုရန်အချိန်။ လှုပ်ရှားမှုတွေကို ဓာတ်ပုံရိုက်လိုတဲ့အခါ ဒီမုဒ်ကိုသုံးပါတယ်။ လှုပ်ရှားမှုများ ရပ်တန့်နေတဲ့ပုံရရှိရန် မြန်ဆန်တဲ့ shutter speed ကိုသုံးပါ။ လှုပ်ရှားမှုများ အရိပ်သဖွယ်ဖြစ်စေလိုလျှင် နှေးကွေးသော shutter speed ကိုသုံးပါ။

ရှပ်တာဦးစားပေးမုဒ် ကိုအသုံးပြုရန်အတွက် အောက်ပါ အကြံပြုချက်များကို မှတ်သားထားနိုင်ပါတယ်။

အလွန်လျှင်မြန်သော လှုပ်ရှားမှုများကိုရပ်တန့်ရန်
– တစ်စက္ကန့်၏ 1/3000 ရှိသော shutter speed

ပျံသန်းနေသောငှက်၏ လှုပ်ရှားမှုများကိုရပ်တန့်ရန်
– တစ်စက္ကန့်၏ 1/1000 မှ 1/2000 ရှိသော shutter speed

အားကစားသမားများ၏ လှုပ်ရှားမှုများကိုရပ်တန့်ရန်
– တစ်စက္ကန့်၏ 1/500 မှ 1/1000 ရှိသော shutter speed

လမ်းလျှောက်နေသောလူများ၏ လှုပ်ရှားမှုများကိုရပ်တန့်ရန်
– တစ်စက္ကန့်၏ 1/250 ရှိသော shutter speed

လှုပ်ရှားနေသောအရာများကို panning လုပ်ရန်
– တစ်စက္ကန့်၏ 1/30 မှ 1/125 ရှိသော shutter speed

လျှင်မြန်စွာစီးဆင်းနေသောရေ၏ လှုပ်ရှားမှုများကိုရပ်တန့်ရန်
– တစ်စက္ကန့်၏ 1/8 ရှိသော shutter speed

နှေးကွေးစွာစီးဆင်းနေသောရေ၏ လှုပ်ရှားမှုများကိုရပ်တန့်ရန်
– တစ်စက္ကန့်၏ တစ်ဝက်မှ တစ်စက္ကန့် ရှိသော shutter speed

ကင်မရာရဲ့ တခြားမုဒ်တွေဖြစ်တဲ့ အပါချာဦးစားပေးမုဒ် (aperture priority mode)၊ မန္နူရယ်မုဒ် (manual mode) နဲ့ Scene မုဒ် တွေကို Digital Photography Myanmar မှာနောက်နေ့တွေမှာ ဖော်ပြပေးပါမယ်။ လာရောက်လေ့လာဖတ်ရှုနိုင်ပါတယ်။

Ref: A Beginner’s Guide to Choosing Shooting Mode by Bruce Wunderlich


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

2 Comments on ဓာတ်ပုံပညာသင်ယူစ လက်သစ်များ အတွက် ကင်မရာ မုဒ်ရွေးချယ်ရန်လမ်းညွှန် – အော်တိုမုဒ်၊ ပရိုဂရမ်မုဒ် နှင့် ရှပ်တာဦးစားပေးမုဒ်

Leave a Reply

Your email address will not be published.


*