ကင်မရာနှင့် မှန်ဘီလူးများကို သန့်ရှင်းခြင်း

Unicode Version | Zawgyi-One Version

စာဖတ်သူက တန်ဖိုးရှိလှတဲ့ မှန်ဘီလူးတွေ သို့မဟုတ် ကင်မရာအစိတ်အပိုင်းတွေကို သန့်ရှင်းရေးလုပ်တဲ့အချိန်မှာ ထိခိုက်ပျက်စီးသွားမှာကြောက်တတ်တဲ့ ကျွန်တော့်လိုမျိုး လူတစ်ယောက်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီလိုမျိုးသန့်ရှင်းရေးလုပ်နိုင်တဲ့ ကျွမ်းကျင်မှုဆိုတာ ဓာတ်ပုံဆရာတိုင်းတတ်မြောက်ထားသင့်ပါတယ်။

မှန်ဘီလူးများ

မှန်ဘီလူးတွေက ကင်မရာဆင်ဆာတွေထက်စာရင် သန့်ရှင်းရေးလုပ်တဲ့နေရာမှာ သိပ်ပြီး ကြောက်ဖို့မလိုတဲ့ အရာတွေဖြစ်ပါတယ်။ တကယ့်တကယ်တမ်းတော့ ကျွန်တော်တို့တွေရဲ့ ဘဝတစ်လျှောက်မှာ ဖန်မှန်ဘီလူး တစ်ခုလောက်တော့ သန့်ရှင်းရေး လုပ်ခဲ့ဖူးကြတယ်ဆိုတာ ငြင်းလို့မရပါဘူး။ မှန်ဘီလူးတွေက မာကျောပြီး အကြမ်းခံနိုင်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့်လည်း တခြားတဖက်မှာတော့ မှန်ဘီလူးနဲ့ နှိုင်းယှဉ်လိုက်ရင် ဆင်ဆာတွေကို တစ်ရှုးပေပါနဲ့ နှင်းပွင့်လေးတွေကို အသုံးပြုပြီး ပြုလုပ်ထားတယ်လို့တောင် တင်စားလို့ရပါတယ်။ အဲဒီနှစ်ခုထဲက ပိုပြီးလွယ်ကူလောက်မယ်ထင်ရတဲ့ မှန်ဘီလူးကို သန့်ရှင်းနည်းနဲ့ စတင်လိုက်ရအောင်။
ကင်မရာနဲ့ ကင်မရာဆက်စပ် ပစ္စည်းတွေကို သန့်ရှင်းရေးပြုလုပ်ရာမှာ အဓိက စည်းကမ်း နှစ်ချက်ရှိပါတယ်၊ လိုအပ်တဲ့နေရာကိုပဲ သန့်ရှင်းရေးလုပ်ရန် နဲ့ ပစ္စည်းတွေကို တတ်နိုင်သမျှနဲ့ အနည်းဆုံးသာ ကိုင်တွယ်ထိမိရန် ဆိုတာတွေဖြစ်ပါတယ်။ နှစ်အနည်းငယ်အကြာတုန်းကပေါ့ဗျာ၊ ကျွန်တော့ဂီယာတွေကို လိုလိုမလိုလို လတိုင်း သန့်ရှင်းရေးလုပ်လေ့ရှိပါတယ်။ နောက်ပိုင်းမှာတော့ ကျွန်တော့် ဂီယာတွေကို လိုအပ်တာထက် ပိုပြီးထိတွေ့သန့်ရှင်းရေးလုပ်ခြင်းဟာ မလိုလားအပ်တဲ့ ပြဿနာတွေကို ဖိတ်ခေါ်နေမိတယ်ဆိုတာ သတိထားမိလာပါတယ်။ တကယ်မလိုအပ်ပဲ သန့်ရှင်းရေးလုပ်တာဟာ သင့်ကင်မရာထဲကို မလိုလားအပ်တဲ့ ပြင်ပက အမှုန်တွေကို ဝင်လာစေဖို့ ဖိတ်ခေါ်နေသလိုဖြစ်နေခဲ့ပါတယ်။ ထို့အပြင် ဂီယာတွေကို တကယ်လိုအပ်တဲ့အချိန်မှသာထိတွေ့ကိုင်တွယ် သန့်ရှင်းသင့်ပြီး ကျန်တဲ့အချိန်တွေမှာမကိုင်တွယ်တာ အကောင်းဆုံးပါ။ Rocket blower လို့ခေါ်တဲ့ လေမှုတ်ဘောလုံးက အထက်ပါ ဖော်ပြပါအချက်တွေကြောင့် ဘယ်အချိန်မဆိုအသုံးပြုလို့ကောင်းတဲ့ သန့်ရှင်းရေး ကိရိယာ တစ်ခုဖြစ်လာပါတယ်။

အဆင့်တစ်၊ မှုတ်ထုတ်ပစ်လိုက်ပါ

မှန်ဘီလူးတွေကို သန့်စင်ခြင်း သင်ခန်းစာမှာ ဒီအချက်က အမြဲအနေနဲ့ ပထမဆုံးလုပ်ဆောင်ရမယ့်အချက်အဖြစ် ပါဝင်ပါတယ်။ မှန်ဘီလူးကို မထိခိုက်မိစေဖို့ လေနဲ့မှုတ်လိုက်တဲ့ အလေ့အကျင့်က အကောင်းဆုံးပါ။ လေနဲ့မှုတ်ထုတ်လိုက်တယ်ဆိုတာ လေကိုသင့်ပါးစပ်နဲ့မှုတ်ဖို့ပြောတာမဟုတ်ပါဘူး။ ပါးစပ်နဲ့လေမှုတ်လိုက်ရင် သင့်မှန်ဘီလူးမှာ သင့်ရဲ့တံတွေးတွေ ပေသွားနိုင်ပါလိမ့်မယ်။ ထို့အတူပဲ ဖိအားပြင်းလေနဲ့လဲ မမှုတ်ပါနဲ့။ အဲဒါတွေအစား ရာဘာလက်ညှစ်လေမှုတ်ဘောလုံးကိုသာ အသုံးပြုပါ။ ကျွန်တော်ကတော့ Giottos ရာဘာလေမှုတ်ဘောလုံးကိုကြိုက်တယ်ဆိုတာ ဝန်ခံပါရစေ။ မှန်ဘီလူးနဲ့ လက်မအနည်းငယ် အကွာကနေ မှန်ဘီလူးရဲ့အပြင်ဖက်လမ်းကြောင်းထားပြီးလေနဲ့မှုတ်ပါ။ အတွင်းဖက်ကို လမ်းကြောင်းထားပြီးမှုတ်ရင်တော့ အပြင်က အမှုန်တွေမှန်ဘီလူးထဲဝင်လာမှာဖြစ်ပါတယ်။ ပြီးရင်တော့ မှန်ဘီလူးနဲ့အနီးဆုံးအထိ လေမှုတ်ဘောလုံးကိုတိုးပြီး မျက်နှာပြင်ကို လေမှုတ်သန့်စင်ပါ။
လမ်းညွှန်ချက်။ ကျွန်တော့်ရဲ့လေမှုတ်ဘောလုံးကို သိမ်းဆည်းထားချိန်မှာ ဖုန်မှုန့်တွေဝင်ခြင်းမှ ကာကွယ်ဖို့အတွက် ပလတ်စတစ်အိတ်နဲ့အမြဲထုတ်ထားလေ့ရှိပါတယ်။

Rocket Blower

အဆင့့် နှစ်၊ လေမှုတ်ထုတ်ခြင်း

တကယ်လို့ လေမှုတ်ဘောလုံးအသုံးပြုပြီးသွားတာတောင် ဖုန်မှုန့်လေးတွေ ခင်ဗျားရဲ့ မှန်ဘီလူးပေါ်တင်ကျန်ခဲ့သေးတယ်ဆိုရင်တော့ စုတ်တံ(ဘရပ်ရှ်) အသုံးပြုဖို့လိုအပ်လာပါပြီ။ ကျွန်တော်က Carson(ကာဆင်) ရဲ့ CS-20 အမျိုးအစား ဘရပ်ရှ်ကို အသုံးပြုပါလို့ တိုက်တွန်းချင်ပါတယ်။ ဘရပ်ရှပ်ရဲ့ အမွှေးတွေမရှိတဲ့ဘက်ခြမ်း(လက်နဲ့ အမွှေးတွေကို မကိုင်ပါနဲ့) လက်ကိုင်ဘက်ကို အသာအယာကိုင်ပြီး မှန်ဘီလူးရဲ့မျက်နှာပြင်ကို ဘရပ်ရှ်နဲ့ ကန့်လန့်ဖြတ် သန့်စင်ပေးပါ။ လက်ကောက်ဝတ်အားကိုသာအသုံးပြုပြီး အပြန်အလှန် ရှေ့နောက် သန့်ရှင်းပေးနိုင်ပါတယ်။ သတိထားဖို့က သန့်ရှင်းရေးလုပ်ရင်နဲ့ ထွက်လာတဲ့ ဖုန်မှုန့်တွေကို မှန်ဘီလူးမျက်နှာပြင်ရဲ့ ထောင့်ဖက်တွေမှာ ညပ်ပြီး ကျန်မခဲ့စေနေဖို့ပါ။

အဆင့် သုံး၊ ဆေးကြောသန့်စင်ပါ

လေမှုတ်ခြင်း ဘရပ်ရှပ်သုံးခြင်း စတာတွေနဲ့ အဆင်မပြေခဲ့ဘူးဆိုရင်တော့ မှန်ဘီလူးသန့်စင် ဆေးရည်နဲ့ ဆေးကြောဖို့လိုအပ်လာပါပြီ။ တစ်ခုတော့ရှိတယ် အဲလိုမျိုးဆေးရည် နဲ့ မဆေးခင် ပထမ ကျနော်ဖော်ပြခဲ့တဲ့ နည်းလမ်းနှစ်ခုနဲ့ ဖုန်မှုန့်တွေကို အရင် ဖယ်ရှားသင့်ပါတယ်။ ဒါမှမဟုတ်ရင်တော့ အဆင်မသင့်တဲ့အခါ ဒီဆေးရည်ကြောင့် မှန်ဘီလူးမျက်နှာပြင်မှာ ဖုန်တွေပိုပြီးကပ်သွားတာမျိုးဖြစ်နိုင်ပါတယ်။ Zeiss ရဲ့ ဖုန်သုတ် အဝတ်စ နဲ့ ဆေးရည်က ကျွန်တော့အကြိုက်ဆုံးပါ။ အထူးသဖြင့် ဖုန်သုတ်တဲ့အဝတ်စကို မှန်ဘီလူးတွေကိုသုတ်ဖို့အတွက် အထူးထုတ်လုပ်ထားတဲ့ microfiber အဝတ်စဖြစ်ဖို့လိုအပ်ပါတယ်။ အဲဒီအဝတ်စလေးကိုလည်း ပလတ်စတစ်နဲ့ လေလုံအောင် ထုပ်ပိုးပြီး သိမ်းဆည်းသင့်ပါတယ်။ လိုအပ်လို့ အဝတ်စလေးကို လျော်မယ်ဆိုရင်တော့ အထည်ပျော့ဆေး softener ကို အသုံးပြုခြင်း၊ ရေနှစ်ထပ်လောက် ညှစ်ခြင်းကို ရှောင်ကျဉ်ပါ။
ဆေးရည်ကို မှန်ဘီလူးပေါ်ကို တိုက်ရိုက်မဖြန်းဘဲ အဝတ်ပေါ်ကိုသာ ဖြန်းမိဖို့ သတိထားပါ။ အသာအယာ အဝတ်စကို ကိုင်ပြီး မှန်ဘီလူးရဲ့ အလည်ဗဟိုကနေ အပြင်ဘက်ဆီကို စက်ဝိုင်းပုံအတိုင်းပွတ်လှည့်ပြီး သန့်စဉ်ပါ။ အကယ်လို့ အဝတ်မှာ စိုထိုင်းဆ အလွန်များလာတယ်လို့ ခံစားရရင်တော့ အဝတ်စကို အတွင်းအပြင် ပြောင်းပြန်လှန်ပြီး အသုံးပြုနိုင်ပါတယ်။

Filter များသန့်စင်ခြင်း

မှန်ဘီလူးတွေကို သန့်စင်နည်းအတိုင်း အသုံးပြုလို့ရပါတယ်။

မှန်ဘီလူးတွေကို အမြဲတမ်း filter တပ်ထားဖို့ လိုအပ်လား?

UV filter တွေတပ်ဆင်ထားခြင်းဟာ ပုံရိပ်အရည်အသွေး ကျဆင်းစေတယ်ဆိုပြီး လူအများစု(ဓာတ်ပုံဆရာများ) ငြမ်းခုံလေ့ရှိကြပါတယ်။ ကျွန်တော့အမြင်ကတော့ UV filter ကြောင့် contract နည်းနည်းလျော့သွားတာရယ် flare အနည်းငယ်ထွက်လာတာပဲရှိပါတယ်။ ဒါတွေကလည်း အမြဲတမ်းမဖြစ်တတ်ပါဘူး။ ကျွန်တော်ကတော့ အရည်အသွေးမြင့်တဲ့ UV filter တွေကိုပိုသဘောကျပြီး အဲဒီ filter တွေကြောင့် ရုပ်ပုံအရည်အသွေးကျဆင်းခြင်း စတဲ့ ကိစ္စတွေဆိုတာ မရှိသလောက်ပါပဲ။ အထူးသဖြင့် filter အမြဲတပ်ဆင်ထားခြင်းကြောင့် မှန်ဘီလူးရဲ့ တန်ဖိုးရှိလှတဲ့ အရှေ့ဖက် မှန်ခုံးကို ကာကွယ်ပြီးသားဖြစ်ပါတယ်။

လမ်းပေါ်မှာအသုံးပြုခြင်း

ကျွန်တော်ကင်မရာနဲ့အတူ အပြင်ထွက်ခါနီး သို့မဟုတ် အပြင်ထွက်တဲ့ အချိန်တိုင်း လေမှုတ်ဘောလုံးအသေးစားလေးနဲ့ ဘရပ်ရှ်ကို ကိုယ်နဲ့တပါတည်းယူသွားဖို့ မမေ့ပါဘူး။ သင့်ကင်မရာနဲ့ မှန်ဘီလူးတွေကို အပြင်မှာ ရုတ်တရက်ကြီး သန့်ရှင်းရေးလုပ်ဖို့လိုအပ်လာတယ်ဆိုတာ တကယ်တော့ ဆယ်ကွေ့တစ်ကွေ့အနေအထားဖြစ်ပါတယ်။ ဒါပေမယ့် အဲလိုအနေအထားတွေကြုံတွေ့လာရင်တော့ Zeiss Lens Wipes ကိုအသုံးပြုပါ လို့တိုက်တွန်းပါတယ်။ ခုနက ပြောခဲ့သလိုပဲ မှန်ဘီလူးမှာ ဖုန်တွေကို သန့်ရှင်းတာအရေးကြီးသလို အဲလိုသန့်ရှင်းနေတဲ့အချိန်မှာ မှန်ဘီလူးကို သုတ်နေတဲ့ အဝတ်စအတွင်းဖက်ကိုလည်း လက်နဲ့ မထိဖို့လိုအပ်ပါတယ်။ ဒီလိုမျိုးသုတ်ရပြီဆိုတဲ့အချိန်က လေမှုတ်တဲ့ဘောလုံး သို့မဟုတ် ဘရပ်ရှ်တွေနဲ့ အဆင်မပြေမှ နောက်ဆုံးအနေဖြင့် သာအသုံးပြုပါလို့ သတိပေးပါရစေ။

အတွင်းဖက် မှန်ကို သန့်စင်ခြင်း။

လေကလွဲလို့ အခြားသောမည်သည့်အရာနဲ့မှ သန့်စင်လို့မရပါဘူး။ အတွင်းဖက်မှန်ရဲ့ မှန်သားမှာသုတ်ထားတဲ့ဆေးက အပြင်ဖက်မှန်သားသို့မဟုတ် ဆင်ဆာထက်တောင်မှ အလွန်ကိုမှ ထိလွယ်ခိုက်လွယ်ပါတယ်။ အကယ်လို့ ကံအကောင်းအကြောင်းမလှခဲ့လို့ ကင်မရာရဲ့အတွင်းဖက် မှန်သား(Mirror)ကို သန့်ရှင်းရေးလုပ်ဖို့လိုလာပြီဆိုရင်တော့ ဆိုင်သာပို့လိုက်ပါ။ အဲဒီမှာတင်နေတတ်တဲ့ ဖုန်မှုန့်တွေကိုမြင်ရတာ သင့်အတွက် စိတ်အနှောက်အယှက်ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဒီဖုန်မှုန့်အနည်းငယ်က သင့်ဓာတ်ပုံရဲ့ အရည်အသွေးကို ကျဆင်းသွားစေနိုင်မှာမဟုတ်ဘူးဆိုတာ သိထားသင့်ပါတယ်။

ဆင်ဆာကို သန့်စင်ခြင်း

သင့်ကင်မရာရဲ့ ဆင်ဆာကို သန့်စင်ဖို့ ဆုံးဖြတ်ချက်မချခင်မှာ သင်တကယ်ပဲဒါကို လုပ်ဖို့ လိုအပ်သလားဆိုတာ ပြန်စစ်ဆေးသင့်ပါတယ်။ စစ်ဆေးနည်းကတော့ စက္ကူဖြူတစ်ရွက်ကိုယူပြီး ပုံမှန် မှန်ဘီလူးတစ်လုံး ( Wide angle မှန်ဘီလူးမသုံးရ) ကို f/16 သို့မဟုတ် f/22 မှာထားပြီး အနည်းဆုံး ISO နဲ့ ရိုက်ကူးကြည့်ပါ။ ပြီးတဲ့နောက် သင့်ကွန်ပျူတာထဲက Lightroom သို့မဟုတ် အခြားသော RAW ဖိုင်ဖွင့်လို့ရတဲ့ ဆော့ဖ်ဝဲတစ်ခုခုမှာ ရိုက်ကူးထားတဲ့ပုံကိုဖွင့်၊ saturation ကိုအဆုံးထိလျော့ချပြီး contrast ကို အဆုံးတဖြည်းဖြည်းတိုးကြည့်ပါ။ အကယ်လို့ အမှုန်စတာတွေ ဆင်ဆာမှာ ရှိရင် ပေါ်လာမှာဖြစ်ပါတယ်။ အဲဒီအမှုန်တွေကို တွေ့ခဲ့ရင်တော့ mirror lockup mode ကို ကင်မရာမှာ ထားပြီး သို့မဟုတ် အလွန်ကြာတဲ့ shutter speed တစ်ခု မှာထားပြီး လေမှုတ်တဲ့ကိရိယာနဲ့ အသာအယာမှုတ်ပြီး ဖယ်ထုတ်ပေးပါ။ ကင်မရာရဲ့ဆင်ဆာကို အောက်ဖက်မျက်နှာ မူပြီး သန့်စင်ခြင်းဟာလည်း လေမှုတ်သန့်ရှင်းရေး ကိရိယာကို သင်သေချာ အသုံးမပြုတတ်တဲ့အချိန်မှာ အထောက်အကူပြုပါတယ်။

သင့်ကင်မရာဆင်ဆာက ဒီထက်ပိုပြီးညစ်ပတ်ခဲ့ရင် (ဖုန်မှုန့်အစက် သုံးဆယ် သို့မဟုတ် ဒီထက် ပိုခဲ့ရင်) တော့ ကင်မရာတစ်ခုလုံးကို သန့်ရှင်းရေးလုပ်သင့်ပါတယ်။ ဒါကို နောက်ထပ်ဆောင်းပါးတစ်ပုဒ်အနေနဲ့ ဖော်ပြပါဦးမယ်။

သင့်ရဲ့ ရုပ်ပုံအရည်အသွေးကို အပြည့်အဝ လိုချင်ရင်တော့ သင့်ရဲ့ မှန်ဘီလူးတွေကို သန့်စင်ပေးဖို့ဆိုတဲ့အချက်က အလွန်အရေးပါ ပါတယ်။ မည်သို့ပင်ဖြစ်စေကာမူ မလိုအပ်ပဲနဲ့တော့ သန့်ရှင်းရေး မလုပ်သင့်ပါဘူး။ သင့်ရဲ့ ကင်မရာအတွင်းပိုင်းတွေ မှန်ဘီလူးအတွင်းပိုင်းတွေဆိုတာ မထိလေကောင်းလေဆိုတဲ့အရာတွေပါ။ အထက်မှာဖော်ပြပေးထားတဲ့အချက်လေးတွေက သင့်ကင်မရာနဲ့ မှန်ဘီလူးတို့ သန့်ရှင်းဖို့ လိုအပ်လာချိန်မှာ အသုံးတဲ့မယ်လို့ မျှော်လင့်ပါတယ်။

REF: Fstoppers


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*