၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံး ဓါတ်ပုံတည်းဖြတ် iOS App များ

Unicode Version | Zawgyi-One Version

Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။


iPhone နဲ့ ရိုက်ထားတဲ့ ဓါတ်ပုံများကို ပြန်လည်တည်းဖြတ်ခြင်းအားဖြင့် သာမန်ဓါတ်ပုံတစ်ပုံမှ ပုံကောင်းတစ်ပုံဖြစ်လာတဲ့အထိ ပြောင်းလဲဖန်ဆင်းပစ်နိုင်ပါတယ်။ ဒါပေမယ့် iOS အတွက် ဓါတ်ပုံပြင်ဆင်တည်းဖြတ်တဲ့ App ပေါင်းများစွာရှိပြီး ဘယ်တစ်ခုကို ရွေးချယ်ရမလဲဆိုတာတော့ သိထားဖို့လိုအပ်ပါတယ်။ iPhone နဲ့ ဓါတ်ပုံရိုက်ပြီး တည်းဖြတ်တဲ့ နေရာမှာ လူသစ်တစ်ယောက်ဆိုရင်တော့ ရွေးချယ်ရခက်မှာ သေချာပါတယ်။ ဒီဆောင်းပါးမှာတော့ iPhone အတွက် အကောင်းဆုံးသော ဓါတ်ပုံတည်းဖြတ်ပြုပြင်နိုင်တဲ့ App ၁၀ ခုကို တင်ဆက်ထားပါတယ်

၁။ Snapseed

Best-iPhone-Photo-Editing-Apps-2016-1

iPhone နဲ့ ဓါတ်ပုံရိုက်တဲ့ ဓါတ်ပုံဆရာဘယ်သူမဆိုရဲ့  ဓါတ်ပုံပြင်ဆင်တဲ့ App စာရင်းကို ကြည့်လိုက်ရင် Snapseed က အများစုရဲ့ စာရင်းမှာ ပါဝင်နေတာ တွေ့ရမှာဖြစ်ပါတယ်။များပြားလှတဲ့ အကြောင်းပြချက်ကောင်းတွေကြောင့် Snapseed က အကျော်ကြားဆုံး ဓါတ်ပုံပြင်တဲ့ iOS app တွေထဲက တစ်ခုဖြစ်ပါတယ်။ အလွန်ကို လွယ်ကူစွာအသုံးပြုနိုင်တဲ့အပြင် စွမ်းဆောင်ရည်မြင့်တဲ့ tools တွေ စုစည်းထားတဲ့အတွက် သင်ရိုက်ကူးခဲ့တဲ့ ဓါတ်ပုံကို သာမန်အဆင့်ကနေ ကောင်းမွန်တဲ့ ဓါတ်ပုံအဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။အခြေခံ တည်းဖြတ်တဲ့ နည်းစနစ်တွေဖြစ်တဲ့ အလင်းအမှောင်ချိန်ညှိခြင်း၊ အရောင်ချိန်ညှိခြင်း၊ ရေပြင်ညီအနေအထားချိန်ညှိခြင်း နှင့် ပြတ်သားမှုချိန်ညှိခြင်း၊ ဖြတ်တောက်ပြင်ဆင်ခြင်း စတာတွေဟာ Snapseed မှာ ပါဝင်ပါတယ်။အဆင့်မြင့် တည်းဖြတ် ခြင်းတွေနှင့် brush tool တွေကို ထည့်သွင်းပေးထားတဲ့အပြင် သင့်ရဲ့ ဓါတ်ပုံတွေထဲက မလိုအပ်တဲ့ အရာဝထ္တုသေးသေးလေးတွေဖယ်ထုတ်ဖို့ healing tool လဲ ပါဝင်ပါသေးတယ်။သင့်ရဲ့ ဓါတ်ပုံတွေကို အရောင်အမျိုးမျိုး ပြောင်းနိုင်ဖို့ ဥပမာ အဖြူအမဲပြောင်းနိုင်ဖို့ creative filter တွေ၊ texture တွေ blur effect တွေပါ ထည့်သွင်းပေးထားပါတယ်။

iPhone ဓါတ်ပုံပညာမှာ ခင်ဗျားက လူသစ်ဆိုရင်တော့ ပထမဆုံး ဖုန်းထဲမှာ ထည့်သွင်းရမယ့် app စာရင်းထဲမှာ Snapseed ကို ထည့်ထားလိုက်ပါ။ App Store မှာ အခမဲ့ ရယူသုံးစွဲခွင့်ပေးထားပါတယ်။

Digital Photography Myanmar ရဲ့ Snapseed tutorial part 1 နဲ့ part 2 တို့ကို အောက်ပါလင့်များမှတဆင့်သွာရောက် ဖတ်ရှုနိုင်ပါတယ်။

Snapseed app အသုံးပြု၍ ဓာတ်ပုံအလွယ်တကူပြုပြင်နည်း အခြေခံ
Snapseed app အသုံးပြု၍ ဓာတ်ပုံအလွယ်တကူပြုပြင်နည်း

၂။ VSCO

VCSO
VCSO

VSCO ကတော့ တော်တော်လေးလူသိများတဲ့ အခြား ဓါတ်ပုံပြင်တဲ့ App ဖြစ်ပါတယ်။ Camera အဖြစ်လဲသုံးလို့ရတဲ့ ဒီ App မှာ များပြားလှတဲ့ filter တွေနဲ့အတူ တည်းဖြတ်လို့ရတဲ့ tool တွေပါဝင်တာကြောင့် iPhone ဓါတ်ပုံဆရာတွေကို အများကြီးဆွဲဆောင်နိုင်ပါတယ်။ VSCO ရဲ့ အရှည်က Visual Supply Company ဖြစ်ပြီး Adobe Lightroom အတွက် ဖလင်ပုံထွက်အရည်အသွေးနဲ့တူညီတဲ့ preset တွေပြုလုပ်ရာမှာ နာမည်ကျော်ပါတယ်။ ကံကောင်းစွာနဲ့ပင် မိုဘိုင်းဖုန်းသုံးတဲ့ ဓါတ်ပုံဆရာတွေအတွက် VSCO က VSCO App ကို အသုံးပြုခွင့်ပေးခဲ့ပါတယ်။အခြား App တွေနဲ့ မတူကွဲပြားတဲ့အချက်ကတော့ VSCO ရဲ့ filter တွေက ခေတ်ဟောင်းဖလင် ဒီဇိုင်းတွေနဲ့ analog ဖလင်ဒီဇိုင်း ပုံထွက်တွေရအောင် ဒီဇိုင်းဆွဲထားပါတယ်။ filter အများစုမှာ နည်းနည်းလေး မှောင်ထားတာ၊ အလင်းဖျော့ထားတာ စတဲ့ ပုံစံမျိုးတွေကြောင့် မိုဘိုင်းဖုန်းဓါတ်ပုံဆရာတွေကြားမှာ အလျင်အမြန်နဲ့ ကျော်ကြားလာခဲ့ပါတယ်။ သင်လိုအပ်သလို filter တိုင်းကို ပြန်ပြီးချိန်ညှိလို့ရတာ VSCO ရဲ့ အားသာချက်တစ်ခုဖြစ်ပြီး အလုပ်တကယ်ဖြစ်တဲ့ စွမ်းဆောင်ရည်မြင့် tool တွေကို ဒီ App မှာထည့်သွင်းပေးထားပါသေးတယ်။

VSCO ကို App Store မှာ အခမဲ့ရနိုင်ပြီး filter အချို့ကိုထည့်သွင်းပေးထားပါတယ်။ ဒါပေမယ့်လဲ သူ့ရဲ့ အချို့သော filter များကိုတော့ အခကြေးငွေနဲ့ ရောင်းချပါတယ်။

၃။ Filterstorm Neue

Filterstorm Neue
Filterstorm Neue

Lightroom နဲ့ Photoshop ကဲ့သို့သော လုပ်ဆောင်မှုတွေနဲ့ တည်းဖြတ်နိုင်တဲ့ mobile app တစ်ခုကတော့ Filterstorm Neue ဖြစ်ပြီး mobile ဖုန်းတွေအတွက် ဦးတည်ထုတ်လုပ်ထားတာဖြစ်ပါတယ်။ Photoshop လိုမျိုး အဆင့်မြင့်တဲ့ တည်းဖြတ်ခြင်းအဆင့်နဲ့ သင့်ရဲ့ဓါတ်ပုံတွေကို ပြင်ဆင်ခြင်တယ်ဆိုရင်တော့ ဒီ App ကို အသုံးပြုတတ်အောင်လေ့လာခြင်းဟာ အကျိုးမဲ့ဖို့မရှိလောက်ပါဘူး။တခြား ဓါတ်ပုံပြုပြင်တဲ့ app တွေလိုပဲ တည်းဖြတ်တဲ့ tool တွေပါတဲ့အပြင် Filterstorm Neue မှာ အကောင်းဆုံးလို့ပြောလို့ရတဲ့ Curve တစ်ခုပါရှိပြီး brightness နဲ့ contract ကို အလွယ်တကူကစားနိုင်ပါတယ်။Curve tool တွေကို ကျွမ်းကျွမ်းကျင်ကျင်သုံးနိုင်ဖို့ အချိန်အနည်းငယ်ပေးဖို့လိုအပ်ပါလိမ့်မယ်၊ သုံးတတ်သွားပြီဆိုတာနဲ့ slider tool တွေကို ပြန်သုံးချင်စိတ်ရှိတော့မယ်မထင်ပါဘူး။

Filterstorm Neue နဲ့ ထူးခြားတဲ့ စွမ်းဆောင်ချက်တစ်ခုကတော့ tool တွေအသုံးပြုတဲ့အခါ ကိုယ်လိုချင်တဲ့နေရာကိုပဲ ကွက်ပြီးအသုံးပြုလို့ရတဲ့ အပြင် စွမ်းရည်မြင့် masking brush တစ်ခု နှင့် gradient filter တွေကိုပါရောပြီးအသုံးပြုနိုင်ပါတယ်။ iPhone ကိုအသုံးပြုပြီး သာမန် ဓါတ်ပုံပြင်နေတာကနေ တစ်ဆင့် ထပ်တက်ချင်တယ်ဆိုရင်တော့ Filterstorm Neue က နောက်တစ်ဆင့်ပဲဖြစ်ပါတယ်။

Filterstorm Neue ကို App Store မှာ အမေရိကန်ဒေါ်လာ ၃.၉၉ နဲ့ ရောင်းချပါတယ်။

၄။ Enlight

Enlight
Enlight

Enlight မှာ အခြေခံနဲ့ အဆင့်မြင့် တည်းဖြတ်တဲ့ tool တွေပါဝင်သကဲ့သို့ အနုပညာဆန်ဆန်အရောင်အသွေးတွေပါဝင်တဲ့ effect တွေကို ထည့်သွင်းပေးထားလို့ သင့်ရဲ့ ဓါတ်ပုံတွေကို ဖန်တီးနိုင်စွမ်းမြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။ စွမ်းဆောင်နိုင်စွမ်းအများအပြားပါဝင်တဲ့ဒီ App ကိုတော့ ကျွမ်းကျွမ်းကျင်ကျင်နဲ့ နားလည်နိုင်အောင် အချိန်တစ်ခုတော့ပေးရမှာဖြစ်ပေမယ့် နားလည်သွားရင်တော့ tool တစ်ခုခြင်းစီရဲ့ စွမ်းရည်ကို သိရှိသွားနိုင်ပါတယ်။ Enlight မှာ အသုံးပြုတဲ့သူတွေကို အကောင်းဆုံး အကူအညီပေးနိုင်တဲ့ Help ဆိုတာရှိပြီး လောလောဆယ်တော့ တခြား App တွေနဲ့ယှဉ်ရင် အကောင်းဆုံးပါ။

Enlight နဲ့ ဘယ် tool ကိုမဆို ပထမဆုံးအကြိမ်အသုံးပြုတဲ့အချိန်မှာ animation( ရုပ်ပုံဖော်ပြချက်) တစ်ခုက ဖုန်း မျက်နှာပြင်မှာ ပေါ်လာပြီး ဘယ်လိုအသုံးပြုရမလဲဆိုတာကို အသေးစိတ်ပြသပေးပါတယ်။ နောက်ပြီး အဲဒီ လမ်းညွှန်ချက်အကူအညီကို ဘယ်အချိန်ဖြစ်ဖြစ်ပြန်ခေါ်ကြည့်လို့ရနိုင်ပြီး လွယ်ကူပါတယ်။ ဖုန်းမျက်နှာပြင်ကို လက်ညှိုးနဲ့ အပေါ်ကနေ အောက်ကို ဆွဲချလိုက်ရုံပါပဲ။

Enlight ကို App Store မှာ အမေရိကန်ဒေါ်လာ ၃.၉၉ နဲ့ရောင်းချနေပါတယ်။

၅။ Mextures

Mextures
Mextures

ခင်ဗျား iPhone နဲ့ရိုက်ထားတဲ့ ဓါတ်ပုံတွေကို အနှေးနဲ့အမြန် texture တွေထည့်ပြီး စမ်းသပ်ချင်လာပါလိမ့်မယ်။ အခြားသော App တွေအများကြီးရှိပေမယ့် ဒီတစ်ခုကတော့ ဖုန်းနဲ့ရိုက်တဲ့ ဓါတ်ပုံဆရာတိုင်းက ထိပ်ဆုံးကနေ ထုတ်ပြောတဲ့ App ဖြစ်ပါတယ်။ ဒီ App က texture မျိုးစုံ၊ grains နဲ့ light leaks effect တွေ ထည့်ပေးထားရုံမကဘဲ layer တစ်ခုခြင်းစီကို လွယ်ကူတဲ့ နည်းလမ်းနဲ့ ပြန်ညှိလို့ရတာ ပေါင်းထည့်လို့ရတာ စတာတွေကို လုပ်ခွင့်ပေးထားပါတယ်။ Mextures ကို ပြည့်ပြည့်ဝဝ နဲ့ နားလည်သဘောပေါက်ဖို့က အချိန်အနည်းငယ်တော့ ပေးရပါလိမ့်မယ်၊ ဒါပေမယ့် formulas ဆိုတဲ့ Preset တွေကိုလဲ သုံးလို့ရပါသေးတယ်။ Mextures မှာ ပါရှိတဲ့ Creative option ကတော့ တကယ့်ကို အဆုံးမရှိကျယ်ပြန့်တဲ့အတွက်ကြောင့် ကိုယ်ပိုင်စတိုင်လ်ဖန်တီးမယ့်သူတွေအတွက် အသင့်တော်ဆုံး App ဖြစ်ပါလိမ့်မယ်။

Mextures ကို App Store မှာ အမေရိကန်ဒေါ်လာ ၁.၉၉ နဲ့ယူဝယ်ရရှိနိုင်ပါတယ်။

၆။ TouchRetouch

TouchRetouch
TouchRetouch

ဓါတ်ပုံတွေထဲက မလိုအပ်တဲ့အရာတွေကို ဖယ်ထုတ်နိုင်စွမ်းရှိတဲ့ App တွေ ခုချိန်မှာ အများကြီးရှိလာပါပြီ၊ အဲဒီအထဲက TouchRetouch ကတော့ ဒီလိုမျိုးရည်ရွယ်ချက်တစ်ခုတည်းအတွက်ထုတ်လုပ်ထားပြီး အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံး အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဓါတ်ပုံထဲက အရာဝတ္ထုတွေကို သင့်ရဲ့ လက်ချောင်းအသုံးပြုပြီး အလွယ်တကူဖော်ပြပေးနိုင်တာ မလိုအပ်တာတွေကိုဖယ်ထုတ်ပစ်နိုင်တာတွေကို စွမ်းဆောင်နိုင်ပါတယ်။ ဓါတ်ပုံထဲက မလိုအပ်တဲ့ အရာဝတ္ထုတွေကို start ဆိုတာကို ထိလိုက်ပြီးဖယ်ထုတ်လိုက်တာနဲ့ pixel လေးတွေနဲ့ အစားထိုးပြီးဖုံးပစ်နိုင်ပါတယ်။ အဲလိုဖယ်ထုတ်တဲ့နည်းလမ်းက ပိုပြီးရှုပ်ထွေးတာမို့လို့ အကြိမ်ရေ အနည်းငယ်လောက် စမ်းသပ်ကြည့်ဖို့လိုပါလိမ့်။ နောက်တစ်ခုက သင့်ရဲ့ ဓါတ်ပုံတွေကို TouchRetouch နဲ့ တည်းဖြတ်ထားလို့ ရလာတဲ့ ရလဒ်ကိုမကြိုက်ခဲ့ရင် ဒီ App နဲ့ နဂိုမူရင်းပုံရအောင် အလွယ်တကူ ပြန်ပြောင်းနိုင်ပါတယ်။

TouchRetouch ကို App Store မှာ အခမဲ့ရယူနိုင်ပါတယ်။

၇။ SKRWT

SKRWT
SKRWT

iPhone ရဲ့ အသေတပ်ဆင်ထားတဲ့ မြင်ကွင်းကျယ်မှန်ဘီလူးကြောင့် တခါတလေမှာ ကွေးသွားတာ၊ ရွဲ့သွားတာ စတဲ့ ပုံပျက်သွားတဲ့ ဓါတ်ပုံတွေရတာဟာ သူ့ရဲ့မကောင်းတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ မြင်ကွင်းကျယ်မှန်ဘီလူးတွေရဲ့ ဖြစ်နေကျကိစ္စတစ်ခုဖြစ်ပြီး အဆောက်အဦးတွေရဲ့ ဓါတ်ပုံတွေမှာ လိုင်းတွေကွေးနေတာတွေကိုကြည့်ခြင်းအားဖြင့် အလွယ်တကူ သတိထားနိုင်ပါတယ်။

SKRWT ကိုအသုံးပြုပြီး ဒီလိုမျိုး ပုံပျက်နေတဲ့ ဓါတ်ပုံတွေကို အလွယ်တကူပြင်ဆင်နိုင်ပါတယ်။ သင့်ရဲ့ မျက်လုံးကနေမြင်တဲ့အတိုင်း ဓါတ်ပုံထဲမှာမြင်ရအောင် ဒီ SKRWT က ကူညီမှာဖြစ်ပါတယ်။ တခြားတဖက်မှာတော့ သင့်ရဲ့ ပုံမှန်အနေအထား ဓါတ်ပုံတွေကိုလဲ SKRWT အသုံးပြုပြီး ပိုဆွဲဆောင်မှုရှိအောင် ပြင်ဆင်နိုင်ပါသေးတယ်။ ဒီစွမ်းဆောင်ချက်ကို SnapSeed၊ Enlight စတဲ့ App တွေမှာလည့် တွေ့ရှိနိုင်ပေမယ့် SKRWT ကတော့ ဒီလိုမျိုးသီးသန့်ပြင်ဆင်ဖို့အတွက် ရည်ရွယ်ထုတ်လုပ်ထားလို့ ပိုကောင်းတဲ့ ရွေးချယ်မှုလို့ပြောလို့ရပါတယ်။

SKRWT ကို အမေရိကန်ဒေါ်လာ ၁.၉၉ နဲ့ App Store မှာ ဝယ်ယူရှိနိုင်ပါတယ်။

၈။ AfterFocus

AfterFocus
AfterFocus

အထူးပြုလုပ်ချက်တစ်ခုတည်းကိုသာလုပ်ဆောင်ပေးတဲ့ အခြား App တစ်ခုကတော့ AfterFocus ဖြစ်ပါတယ်။ ပုံမှန်ဆိုရင် DSLR ကင်မရာတွေမှာပဲရနိုင်တဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်တဲ့ depth of field လုပ်ဆောင်ချက်ကို ဒီ App မှာ အတုပြုလုပ်ပေးနိုင်စွမ်းရှိပါတယ်။ DOF ဆိုတာဘာလဲဆိုရင် အဓိကပေါ်စေချင်တဲ့ အရာဝတ္ထုကို ကြည်လင်စေပြီး နောက်ခံကို ဝါးစေအောင်လုပ်ဆောင်တဲ့ စွမ်းဆောင်ရည်ဖြစ်ပြီး AfterFocus မှာ အလွယ်တကူ ပြုလုပ်နိုင်ပါတယ်။ သင့်ဓါတ်ပုံရဲ့ နောက်ခံနဲ့ ရှေ့ဘက်က အရာဝတ္ထုတွေကို အလွယ်တကူ ခွဲခြားပြနိုင်ပါတယ်။ သဘာဝ Bokeh စွမ်းဆောင်ချက်ဖြစ်လဲ အလင်းရောင် ဝိုင်းတွေ ရှစ်ထောင့်ရှိတဲ့ ဆဌဂံတွေကို တောင်မှ သင့်ဓါတ်ပုံတွေမှာ ထည့်သွင်းပေးနိုင်ပါသေးတယ်။ ဓါတ်ပုံထဲမှာ ကိုယ်ပြချင်တဲ့အရာကို နောက်ခံတွေကြောင့် မပီပြင်တဲ့အခါ ဓါတ်ပုံကြည့်ရှုသူရဲ့ စိတ်ဝင်စားမှုရအောင် ဒီ App နဲ့ အလွယ်တကူပြုလုပ်နိုင်ပါတယ်။

AfterFocus ကို App Store မှာ အမေရိကန်ဒေါ်လာ ဝ.၉၉ နဲ့ ရောင်းချပါတယ်။

၉။ Lens Distortions

Lens Distortions
Lens Distortions

iPhone နဲ့ရိုက်ထားတဲ့ ဓါတ်ပုံတွေထဲကို Textures တွေ အလင်းရောင်ထည့်လို့ရတဲ့ effect တွေကို ထည့်လို့ရတဲ့ iPhone အတွက် App တွေ ဈေးကွက်ထဲမှာများပြားလွန်းပေမယ့် Lens Distortions ကတော့ အကောင်းဆုံးတစ်ခုဖြစ်ပါလိမ့်မယ်။

Lens Distortions က အခြားသော ပုံစံတူ App တွေနဲ့ ကွဲထွက်သွားတဲ့အချက်က filter တွေဟာ တကယ့် ဓါတ်ပုံတွေကနေပြီး ဖန်တီးထားတာဖြစ်ပါတယ်။ Effect တွေအားလုံးကို မှန်ဘီလူးအစစ်နဲ့ ရိုက်ကူးထားတဲ့ပုံစံ ဖန်တီးထားပြီး တခြားဘာနဲ့မှမတူတဲ့ စုစည်းမှုတွေထည့်သွင်းထားပါတယ် ဥပမာ သဘာဝနေရောင်အတိုင်းဖန်တီးထားတဲ့ Light Hits collection, မြူခိုးတွေလိုဖန်ဆီးထားတဲ့ Fog collection နှင့် မှန်ကွဲတွေလိုဖန်တီးထားတဲ့ Legacy collection, Shimmer collection စတာတွေဖြစ်ကြပါတယ်။ သင့်ရဲ့ ဓါတ်ပုံတွေထဲကို ဒီဖန်တီးချက်တွေထည့်သွင်းတာဟာ လွယ်ကူလွန်းပြီး ဘယ်လိုပုံစံသစ်ဖန်တီးမှုအသစ်တွေထွက်လာမယ်ဆိုတာ ခန့်မှန်းရတာ ပျော်ဖို့ကောင်းပါတယ်။

Lens Distortions ကို App Store မှာ အခမဲ့ဖြန့်ဝေထားပေမယ့်လည်း အချို့သော effect တွေအတွက် ငွေပေးပြီးအသုံးပြုရပါလိမ့်မယ်။

၁၀။ Superimpose

Superimpose
Superimpose

ဓါတ်ပုံတွေကို ဖွဲ့စည်းမှုအားကောင်းကောင်းနဲ့ ဖန်တီးချင်တယ်၊ ဓါတ်ပုံအများအပြားကိုပေါင်းပြီး တစ်ပုံတည်းပြုလုပ်ချင်ရင်တော့ Superimpose ကိုရွေးချယ်လိုက်ပါ။ Masking နဲ့ Layering လုပ်ရတာ မကျွမ်းကျင်ဘူးဆိုရင်တော့ ဒီ App ကို လေ့လာဖို့ မိနစ် ၃၀ လောက်တော့ လိုပါလိမ့်မယ်။ ဓါတ်ပုံတွေကို ဖွဲ့စည်းအားကောင်းအောင် မလိုအပ်တာတွေနဲ့ နှစ်သက်ဖွယ်မကောင်းတဲ့ နောက်ခံကအရာတွေကိုဖယ်ထုတ်နိုင်တာ၊ effect တွေအများကြီးပါဝင်တာကြောင့် သင့်ရဲ့ ဖန်တီးနိုင်စွမ်းအားကို အဆုံးမရှိဖြစ်စေမှာပါ။

Superimpose ကို App Store မှာ အမေရိကန်ဒေါ်လာ ဝ.၉၉ နဲ့ ရောင်းချပါတယ်။

နိဂုံးချုပ်

iPhone နဲ့ ရိုက်တဲ့သူထဲမှာ လူသစ်ပဲဖြစ်ဖြစ် သို့မဟုတ် သင့်ရဲ့ iPhone ထဲကို Photography App အသစ်ထည့်မလိုပဲဖြစ်ဖြစ် ဒီဆောင်းပါးမှာပါတဲ့ စာရင်းက သင့်ကိုကူညီနိုင်မယ်လို့မျှော်လင့်ပြီး App တွေကို စမ်းကြည့်စေချင်ပါတယ်။ အောင်မြင်တဲ့ဓါတ်ပုံတည်းဖြတ်မှုဆိုတာ အကောင်းဆုံးဓါတ်ပုံတည်းဖြတ်တဲ့ App ရှိဖို့လိုအပ်တာတင်မကပါဘူး သူတို့ကို ဘယ်လိုထိထိရောက်ရောက် အသုံးပြုမယ်ဆိုတာ သိဖို့လိုအပ်ပါသေးတယ်။ သင့်ရဲ့လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ App က သင့်အတွက် အသင့်တော်ဆုံးဖြစ်ပြီး မြန်မြန်ဆန်ဆန်နဲ့ လွယ်လွယ်ကူကူ အသုံးပြုနိုင်တယ်ဆိုတာအကြံပေးပါရစေ။ Happy Editing ဖြစ်ပါစေလို့ ဆန္ဒပြုပါတယ်။


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*