Landscape ဓါတ်ပုံပညာအတွက် အကောင်းဆုံးမှန်ဘီလူးများ

http://annemckinnell.com/
Unicode Version | Zawgyi-One Version

ကျွန်တော်တို့ ဓါတ်ပုံဝါသနာရှင် အများစုကတော့ သဘာဝဓါတ်ပုံ၊ ရှုမျှော်ခင်း သို့မဟုတ် ဘာပဲဖြစ်ဖြစ်ကို ရှိတဲ့ပစ္စည်းနဲ့ အကောင်းဆုံးဖြစ်အောင် အသုံးပြုပြီး ရိုက်ကူးကြပါတယ်။ ကျွန်တော်တို့ကင်မရာတွေ ဝယ်လာတုန်းက တွဲပြီးပါလာတဲ့ မှန်ဘီလူးတွေကိုပဲ အသုံးပြုကြတယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။

အဲဒီလိုမျိုးကင်မရာနဲ့ တွဲပြီးပါလာတဲ့ မှန်ဘီလူးအများစုက Standard Short Zoom မှန်ဘီလူးတွေဖြစ်ကြပေမယ့် ခင်ဗျား ကင်မရာဆိုင်ရဲ့ မှန်ဘီရိုကို တချက်လောက်မျက်လုံးဝေ့ကြည့်လိုက်တယ်ဆိုရင်ပဲ အခြားသောရွေးချယ်စရာ မှန်ဘီလူးတွေက အများကြီးရှိပါလားဆိုတာ သိသွားနိုင်ပါတယ်။ Samyang, Tokina စတဲ့ Third Party တံဆိပ်တွေအသာထား ကင်နွန်မှာ လက်ရှိအချိန်အထိ မှန်ဘီလူး ၁၅၅ မျိုးရှိပြီး နီကွန်မှာ လည်း ဒီပမာဏလောက်ရှိပါတယ်။ Sigma ဆိုရင် ၂၀၀ တောင်ကျော်ပါလိမ့်မယ်။

ဒီလောက်များပြားတဲ့ မှန်ဘီလူးတွေရွေးချယ်လို့ရနေတဲ့အတွက် လူအများစု မဝံ့မရဲနဲ့ မေးခွန်းထုတ်ကြတာက ဘယ်မှန်ဘီလူးအမျိုးအစားက ရှုမျှော်ခင်းရိုက်ကူးတဲ့အချိန်မှာ အကောင်းဆုံးလဲ ဆိုတဲ့ အကြောင်းအရာဖြစ်ပါတယ်။

အမှန်တရားတစ်ခုပါပဲ၊ ခင်ဗျားကင်မရာရဲ့ ဘော်ဒီထက် မှန်ဘီလူးက ခင်ဗျားရဲ့ ဓါတ်ပုံကို ပိုပြီး သက်ရောက်မှုရှိတယ်ဆိုတဲအချက်ပါပဲ။ ပြတ်သားမှု၊ အရောင်အတိမ်အနက်၊ focus အနေအထား၊ ကြည်လင်မှုနဲ့ အသေးစိတ် စတဲ့ အချက်အလက်တွေဟာ မှန်ဘီလူးကြောင့်သာဖြစ်ပြီး ကင်မရာက မှန်ဘီလူးကတဆင့် ရိုးရိုးလေးမှတ်တမ်းတင်လိုက်ရုံပဲအလုပ်လုပ်တာကို မေ့ထားလို့မရပါဘူး။

ကင်မရာထက် မှန်ဘီလူးအတွက် ငွေပိုသုံးရတယ်ဆိုတဲ့ လော့ဂျစ်ကို လက်ခံဖို့ဆိုတာ ကသိကအောက်နိုင်တယ်ဆိုတာ သိထားကြပေမယ့် ဓါတ်ပုံဆရာအများစုကတော့ တန်ဖိုးရှိတဲ့ အရည်အသွေးကောင်းမှန်ဘီလူးတွေအတွက် ကင်မရာဘော်ဒီထက်စာရင် ငွေပိုသုံးဖို့ ပိုပြီးစိတ်ကူးရှိပါတယ်။ ဘာလို့လဲ? အရည်အသွေးကောင်းတဲ့ မှန်ဘီလူးတွေက ကင်မရာဘော်ဒီတွေလောက် စျေးကျတာ မမြန်တဲ့အတွက် ရည်ရှည်အတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုလို့ဆိုလည်း မမှားတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။

ဟုတ်ပြီ ဒီလောက်များတဲ့ မှန်ဘီလူးတွေကို ဘယ်လိုများ နားလည်အောင်ကြိုးစားမလဲ အရေးအကြီးဆုံးတစ်ခုက ဘယ်မှန်ဘီလူးကို ခင်ဗျားတကယ်လိုအပ်လဲ? ကျွန်တော် ဒီဆောင်းပါးမှာတော့ သဘာဝနဲ့ ရှုမျှော်ခင်းဓါတ်ပုံပညာ သီးသန့်အတွက်မှန်ဘီလူးတွေကိုပဲ ဦးစားပေးတင်ဆက်သွားမှဖြစ်ပြီး Landscape အတွက် မှန်ဘီလူးကောင်းကောင်းတစ်လုံးကို ရွေးချယ်နိုင်ဖို့အတွက် ခင်ဗျားကို အကူအညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အကောင်းဆုံးသော Landscape မှန်ဘီလူးတွေကို မရွေးချယ်ခင် မှန်ဘီလူးနဲ့ ပက်သက်တဲ့ အခြေခံ သီအိုရီတွေကို အရင် ဖတ်ကြည့်လိုက်ပါ။

– Focal Length နဲ့ Angle of View

မှန်ဘီလူးတစ်လုံးကို ရွေးချယ်တဲ့နေရာမှာ ပထမဆုံးဆုံးဖြတ်ရမယ့်အချက်က Focal Length ဖြစ်ပါတယ် တနည်းအားဖြင့် Angle of View သို့မဟုတ် ကင်မရာရဲ့ မြင်ကွင်းထဲမှာ ဘယ်လောက်ဆန့်လဲဆိုတာကို ပြောတာပါ။ Zoom ရဲ့ level ကိုကြည့်ပြီး ရွေးချယ်ဆုံးဖြစ်နိုင်မှာဖြစ်ပြီး မီလီမီတာ (mm) နဲ့ ဖော်ပြပါတယ်။

Focal Length ရှည်ရှည်ဆိုရင် နံပါတ်အကြီး (mm အကြီး) နဲ့ ဖော်ပြလေ့ရှိပြီး ကင်မရာကနေမြင်ရတဲ့ မြင်ကွင်းက ကျဉ်းမြောင်းတယ်လို့ ယျေဘုယျအားဖြင့် ပြောလို့ရပါတယ်။ အထူးသဖြင့် Zoom ဆွဲယူပြီးအနီးကပ်ဆွဲလိုက်တဲ့အနေအထားကို ခေါ်ပါတယ်။ ဆန့်ကျင်ဘက်အားဖြင့် Focal Length အတိုဆိုရင် နံပါတ်အသေး (mm အသေး) နဲ့ ဖော်ပြပြီး ကင်မရာရဲ့ မြင်ကွင်းက ကျယ်ပါတယ်၊ မြင်ကွင်းကျယ် သို့မဟုတ် Panoramic ဓါတ်ပုံတွေရိုက်ကူးလို့ရပါတယ်။ အဲဒီအနေအထားတွေကြောင့် မှန်ဘီလူးတွေကို အခြေခံအားဖြင့် focal length ပေါ်မူတည်ပြီး အမျိုးအစား ငါးမျိုးခွဲခြား နိုင်ပါတယ်။

– Ultra Wide-Angle

4 mm က နေ 22 mm Focal length ရှိတဲ့ မှန်ဘီလူးအမျိုးအစားတွေမှာ အလွန်ကျယ်တဲ့ မြင်ကွင်းတွေရှိပါတယ်။ Fisheye (ငါးမျက်လုံးမှန်ဘီလူး) ဆိုတာ ဒီအမျိုးအစားထဲကဖြစ်ပါတယ်။ မြင်ကွင်းကျယ်လွန်းတာကြောင့် တစ်ခါတရံ frame ရဲ့ ထောင့်ဖက်တွေမှာ distortion (ပုံပျက်) သွားတာမျိိုးဖြစ်တတ်ပါတယ်။

– Wide-Angle

21 mm နဲ့ 35 mm ကြားကို Standard Wide Angle မှန်ဘီလူးတွေလို့ ခေါ်နိုင်ပြီး အများဆုံးတွေ့ရနိုင်တဲ့ focal length အမျိုးအစားပဲဖြစ်ပါတယ်။ Distortion လည်းအနည်းဆုံးအနေအထားမှာရှိပြီး နောက်ခံ မြင်ကွင်းအားလုံးကို ပါအောင်ရိုက်နိုင်တဲ့အပြင် ထိုက်သင့်တဲ့အကွာအဝေးတစ်ခုအထိ subject နားကို ကပ်ပြီးရိုက်လို့ရတဲ့အတွက် အဆင်ပြေပြေနဲ့ လိုအပ်သလိုအသုံးပြုနိုင်တဲ့ မှန်ဘီလူးအမျိုးအစားဖြစ်ပါတယ်။

– Normal

50 mm focal length ဆိုတာ လူ့ရဲ့ မျက်လုံးမှတဆင့်မြင်ရပုံနဲ့ အကြမ်းအားဖြင့် တူညီတယ်လို့ မှတ်ယူလို့ရတဲ့အတွက် ဒီ focal length ရှိတဲ့မှန်ဘီလူးတွေကို Normal မှန်ဘီလူးလို့ခေါ်ပါတယ်။ သို့သော်လည်း သဘာဝနဲ့ အနီးစပ်ဆုံးတူညီတဲ့ မြင်ကွင်းကြောင့် 35 mm နဲ့ 60 mm ကြားက focal length တွေကို ဒီစာရင်းထဲမှာထည့်ထားကြပါတယ်။

– Telephoto

75 mm ကျော်သွားရင်တော့ မှန်ဘီလူးရှည်အမျိုးအစားထဲထည့်သွင်းလို့ရပြီလို့ မှတ်ချက်ချနိုင်ပါတယ်၊ တနည်းအားဖြင့် ခပ်ဝေးဝေးက အရာတစ်ခုကို အနားကပ် zoom ဆွဲယူပြီးရိုက်ကူးခွင့်ပေးတဲ့ focal length ဖြစ်ပါတယ်။ မြင်ကွင်းတစ်ခုကို အသေးစိတ်နဲ့ အနီးကပ်ဖော်ပြချင်တဲ့အချိန်မျိုးမှာ Telephoto မှန်ဘီလူးတွေက အကောင်းဆုံးဖြစ်ပြီး 150 mm ကို မကျော်လွန်ရင်တော့ Standard Telephoto မှန်ဘီလူးလို့ နာမည်တပ်လို့ရပါတယ်။

– Super Telephoto

150 mm ထပ်ရှည်တဲ့ မှန်ဘီလူးမျိုးကို Super Telephoto မှန်ဘီလူးအဖြစ်သတ်မှတ်နိုင်ပြီး 400 mm အထိရှည်တဲ့ အလွန်အားကောင်းတဲ့ Zoom ရှိတဲ့ extreme telephoto မှန်ဘီလူးအထိရှိနိုင်ပြီး ဒီထက်ကျော်သွားတဲ့အမျိုးအစားတွေကို သိပ်ပြီး ရှာတွေ့ဖို့မလွယ်တော့ပါဘူး။ အဝေးမှာရှိတဲ့အရာတွေကို အသေးစိတ်နဲ့ ပုံဖော်တဲ့နေရာမှာ ဒီမှန်ဘီလူးတွေက ဆရာကျတဲ့အတွက် သူတို့ကို Wildlife ဓါတ်ပုံရိုက်တဲ့နေရာမှာ အသုံးပြူကြသလို မတူကွဲ ပြားတဲ့ Landscape ဓါတ်ပုံအတွက်လညး် အသုံးပြုကြပါတယ်။

http://annemckinnell.com/
http://annemckinnell.com/

– Prime vs. Zoom

Focal Length တွေကိုမေ့ထားလိုက်တဲ့အခါ မှန်ဘီလူးတွေကို အခြေခံအားဖြင့် Prime နဲ့ Zoom ဆိုပြီး ခွဲခြားလို့ရပါတယ်။ Zoom မှန်ဘီလူးတွေမှာ ချိန်လို့ရတဲ့ focal length တပ်ဆင်ထားပြီး လိုအပ်သလို အကျဉ်းအကျယ် အနီးဝေးဆွဲယူလို့ရပါတယ်။ ဓါတ်ပုံဆရာအများစုက Zoom မှန်ဘီလူးတွေကို လွယ်ကူအဆင်ပြေတဲ့အတွက် ပိုကြီး ကြိုက်ကြပါတယ်။

Focal Length အသေတပ်ဆင်ထားတဲ့ မှန်ဘီလူးတွေက Zoom ဆွဲလို့မရတဲ့ Prime မှန်ဘီလူးတွေဖြစ်ကြပါတယ်။ အနီးကပ်ချင်ရင် ရှေ့ကိုတိုး ဝေးချင်ရင် နောက်ကိုဆုတ်ပြီး ရိုက်ကူးရတဲ့ မှန်ဘီလူးမျိုးတွေပါ။ သို့သော်လည်း သူတို့ရဲ့ ရိုးရှင်းတဲ့ ပုံစံ၊ တခါတလေမှာ စျေးသက်သာတဲ့အပြင် ပိုမိုပြတ်သားတဲ့ ပုံရိပ်တွေရရှိနိုင်လို့ ကြေးစားဓါတ်ပုံဆရာတွေက Prime ကိုပိုသဘောကျပါတယ်။

– Maximum Aperture

ဒုတိယအချက်ကြည့်ရမှာကတော့ Aperture ကို ဘယ်လောက်ကျယ်ကျယ်ဖွင့်နိုင်သလဲဆိုတာဖြစ်ပါတယ်၊ F-stop ဘယ်လောက်သေးသေးအထိရနိုင်လဲလို့ ဆိုလိုတာပါ။ Prime မှန်ဘီလူးနဲ့ အချို့သော စျေးနှုံးမြင့် Zoom မှန်ဘီလူးတစ်ချို့မှာ Single Aperture လို့ခေါ်တဲ့ Aperture ကိုတသမတ်တည်းထားလို့ရတဲ့ စွမ်းရည်ရှိပါတယ်၊ ဥပမာ 50mm f/1.8 သို့မဟုတ် 70-200 f/4 စသဖြင့်ပေါ့။ သာမန် Zoom မှန်ဘီလူးတွေ (ဥပမm 18-200 mm f/3.5-5.6) ရဲ့ အကျယ်ဆုံး Aperture တန်ဖိုးက focal length ပေါ်မူတည်ပါတယ်။ မှန်ဘီလူးရဲ့ focal length ကို 18 mm မှာထားရင် အကျယ်ဆုံး Aperture တန်ဖိုးက f/3.5 ဖြစ်ပြီး 200 mm မှာထားရင်တော့ အကျယ်ဆုံး Aperture တန်ဖိုးက f/5.6 ဖြစ်တယ်လို့ ဆိုလိုတာပါ။ Landscape ဓါတ်ပုံပညာက Portrait, Macro, wildlife စတာတွေလို Aperture ကျယ်ကျယ်မလိုတာကြောင့် Aperture ဘယ်လောက် ကျယ်ကျယ်ထားရမလဲဆိုတဲ့ကိစ္စက ဒီနေရာမှာ အရေးသိပ်မကြီးပါဘူး။

– အလေးချိန်နဲ့ အရွယ်အစား

ဒီနေရာမှာ focal length ရှည်တဲ့ မှန်ဘီလူးတွေအတွက် ဆင်ခြေကောင်းတစ်ခုလိုအပ်ပါတယ်၊ မှန်ဘီလူးရှည်လေ၊ Wide Angle မှန်ဘီလူးတွေထက် ပိုပြီးကြီးလေ၊ ပိုပြီးလေး လေဖြစ်ပါတယ်။ အကယ်လို့များ ခင်ဗျား တောင်တက်တာ စက်ဘီးစီးတာ တောတွင်းခရီးသွားတာ ကဲ့သို့သော အချိန်တွေမှာ အသုံးပြုမယ်ဆိုရင်တော့ အလေးချိန်နဲ့ အရွယ်အစားကို ထည့်သွင်းစဉ်းစားရပါလိမ့်မယ်။ သူတို့ရဲ့ အလေးချိန်နဲ့ Zoom ကြောင့် တည်တည်ငြိမ်ငြိမ်ထားပြီးရိုက်ကူးဖို့လိုအပ်လာပါတယ်၊ ထို့အတွက် Tripod ကောင်းကောင်းတစ်ခုလိုအပ်မှာဖြစ်ပြီး သင့်ကျောပိုးအိပ်ကို ပိုပြီး အလေးချိန်တိုးစေမှာဖြစ်ပါတယ်။ Focal length တစ်ခုတည်းကြောင့်မဟုတ်ပါဘူး အခြားသော မှန်ဘီလူးရဲ့ အစိတ်အပိုင်းတွေဖြစ်ကြတဲ့ Image Stabilization စတာတွေက ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်လာနိုင်ပါတယ်။

– Crop Factor

ကင်မရာတွေအားလုံးက မတူညီနိုင်ဘူးဆိုတာ ဒီနေရာမှာ အရင်သဘောပေါက်အောင်လုပ်ထားပါ၊ မဟုတ်ရင် နောက်ပိုင်းမှာ ရောထွေးကုန်ပါလိမ့်မယ်။

Focal Length ဆိုတာ တကယ်တမ်းတော့ 35 mm ဖလင်အတိုင်းအတာကိုအခြေခံပြီးတွက်ချက်ခဲ့တာဖြစ်ပါတယ်။ သို့ပေမယ့်လည်း အပျော်တမ်းကင်မရာတချို့မှာ 35 mm ထက် အနည်းငယ်သေးတဲ့ ဆင်ဆာ တွေတပ်ဆင်ထားပြီး သူတို့ကို Cropped sensor သို့မဟုတ် APS-C လို့ခေါ်ကြပါတယ်။ ထို့အတွက်ကြောင့် မှန်ဘီလူးတွေရဲ့ အမြင်မှာတော့ 35 mm ကိုပဲ အခြေခံပြီးတွက်ချက်ထားတဲ့အတွက် ဆင်ဆာအသေးတွေတပ်ဆင်ထားတဲ့ ကင်မရာတွေမှာ zoom ဆွဲထားပြီးသားဖြစ်နေပါလိမ့်မယ် ( focal length ခြင်းတူတာတောင်) ။ အဲဒီအတွက်ကြောင့် သာမန်မှန်ဘီလူးတွေဆိုရင် ပိုပြီးတော့ ကျယ်အောင် တွက်ချက်ပြီးထုတ်လုပ်ထားတဲ့အတွက် (ဥပမာ 18 mm) 35 mm နဲ့တွက်ရင် အနေတော်လောက်ဖြစ်နေပါလိမ့်မယ်။ cropped frame ကင်မရာတစ်လုံးရှိတယ်ဆိုကြပါစို့၊ ခင်ဗျားရဲ့ cropped frame ကင်မရာ focal length ကို 1.5 နဲ့ မြောက်လို့ရတဲ့အဖြေက တကယ့် focal length (27 mm) ဖြစ်ပါလိမ့်မယ်။

တကယ်လို့များ full frame ကင်မရာရှိရင်တော့ ဒီကိစ္စကို စိုးရိမ်စရာမလိုအပ်ပါဘူး။ သို့သော်လည်း အချို့သော တန်ဖိုးနည်းမှန်ဘီလူးတွေဟာ cropped sensor တွေအတွက် သီးသန့်ထုတ်လုပ်ထားတာဖြစ်ပြီး full sensor တွေမှာ အလုပ်မလုပ်ဘူးဆိုတာ သိသင့်ပါတယ်။

– ဘာကိုဆိုလိုတာပါလိမ့်?

မှန်ဘီလူးတစ်လုံးနဲ့ တစ်လုံးခွဲခြားနိုင်ဖို့ အခြားသောအချက်အလက်တွေရှိပေမယ့် ကျွန်တော်တို့အထက်မှာတော့ အဓိကအကျဆုံးအချက်တွေဖြစ်တဲ့ focal length, maximum aperture, prime နဲ့ zoom စတာတွေကို ဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။ ခေတ်ပေါ်မှန်ဘီလူးတွေမှာ အင်္ဂလိပ်စာလုံးတွေကို အတိုကောက်ရေးထိုးဖော်ပြထားလေ့ရှိပြီး ဒီစာလုံးက မှန်သား၊ ဒီစာလုံးက IS စတာတွေသာဖြစ်လို့ ဒီနေရာမှာ ခဏမေ့ထားလိုက်ပါ။

မိရိုးဖလာနည်းတွေအရ ရှုမျှော်ခင်းဓါတ်ပုံဆရာတွေက wide angle မှန်ဘီလူးတွေကို ကြိုက်နှစ်သက်ကြပါတယ်။ မြင်ကွင်းကျယ်ရှုမျှော်ခင်းကို ပုံတစ်ပုံတည်း frame တစ်ခုတည်းမှာတင် အကုန်လုံးပါအောင်ရိုက်ကူးနိုင်တဲ့အတွက် ကောင်းကင်ရဲ့ အရေးပါမှု၊ အဝေးက ရှုခင်းတွေကို ပြတ်ပြတ်သားသားဖော်ပြနိုင်မှုစတာတွေအကုန်လုံး ပါဝင်သွားနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

သို့ပေမယ့်၊ ဓါတ်ပုံဝါသနာရှင်အများစုကတော့ Focal Length ရှည်တဲ့ မှန်ဘီလူးတွေနဲ့ Landscape ကိုစတင်လေ့လာလေ့ရှိပါတယ်။ ပြီးပြည့်စုံဆုံး Landscape မှန်ဘီလူးကို ရွေးချယ်မယ်ဆိုရင် အောက်ပါမေးခွန်းတွေကို ကိုယ့်ဖာသာ မေးကြည့်လိုက်ပါ။

– ဆင်ဆာ အရွယ်အစားက ဘယ်လောက်ရှိလဲ?

ခင်ဗျားမှာ crop-sensor ကင်မရာပဲရှိတယ်ဆိုပါစို့၊ ခင်ဗျားလိုအပ်တဲ့ focal length ထက်ပိုကျယ်တဲ့ မှန်ဘီလူးမျိုး လိုအပ်ပါလိမ့်မယ်။ full frame ကင်မရာဆိုရင်တော့ ဘယ်မှန်ဘီလူးက သင့်ကင်မရာနဲ့ အလုပ်မလုပ်နိုင်ဘူးလဲ( Canon ဆိုရင် EF-S နဲ့ Nikon ဆိုရင် DX) ဆိုတာ သိဖို့လိုအပ်ပြီး ရှောင်ကျဉ်ရပါလိမ့်မယ်။ ထို့အတူပဲ Nikon ရဲ့ DSLR အသေးတွေမှာ auto focus စနစ်မပါတဲ့အတွက် auto focus (AF Motor) စနစ်ပါတဲ့ မှန်ဘီလူးမျိုးကို ရွေးချယ်ဖို့လိုအပ်ပါလိမ့်မယ်။

– ဘယ်လိုမြင်ကွင်းမျိုးလိုချင်တာလဲ?

အကယ်လို့ ခင်ဗျားကင်မရာရဲ့ ဓါတ်ပုံတစ်ပုံအတွင်းမှာ အားလုံးကို ဝင်ဆံ့ပြီး မြင်စေချင်ရင်တော့ wide angle မှန်ဘီလူးကိုရွေးပါ၊ သို့မဟုတ်ဘဲ အသေးစိတ်ကို နီးနီးနားနီးပုံစံနဲ့ဖော်ပြချင်ရင်တော့ Telephoto မှန်ဘီလူးပါပဲ။ နှစ်ခုံစလုံးကို ခင်ဗျားလိုချင်ရင်တော့ မှန်ဘီလူး နှစ်လုံးသုံးရင်သုံး သို့မဟုတ် Zoom မှန်ဘီလူးထဲက Wide နဲ့ Long သုံးလို့ရတာမျိုးကို ရွေးသင့်ပါတယ်။

– ဘယ်လောက်ဝေးဝေးသယ်ဖို့လိုအပ်လဲ?

တောတွင်းမှာလမ်းလျှောက်ရင်း ကင်မရာကိုသယ်သွားဖို့လိုအပ်ရင်တော့ telephoto zoom မှန်ဘီလူးကြီးတွေက မသင့်တော်ပါဘူး။ အဲဒီအစား ပိုပေါ့တာမျိုး ဥပမာ zoom lens အသေး သို့မဟုတ် prime lens မျိုး။

– ငွေဘယ်လောက်သုံးနိုင်လဲ?

မှန်ဘီလူးတွေက စျေးကြီးပါတယ်၊ ထို့အတွက် ငွေဘယ်လောက်သုံးမလဲဆိုတာ အရင်ဆုံးဖြတ်ဖို့ ပြင်ဆင်ပါ။ ငွေဘယ်လောက်သုံးမလဲပေါ်မူတည်ပြီး ရွေးချယ်စရာတွေရှိတဲ့အတွက်မို့လို့ မိမိမတတ်နိုင်တဲ့ ငွေပမာဏအတိုင်းအတာရှိတဲ့ မှန်ဘီလူးတွေကြည့်ပြီး အချိန်မဖြုန်းသင့်ပါဘူး။ 🙁

– ဘယ်တံဆိပ်ဝယ်ရမလဲ?

ဝယ်လိုက်တဲ့ မှန်ဘီလူးက သင့်ရဲ့ကင်မရာမှာ တပ်ဆင်လို့ရဖို့ဆိုတာ အရေးကြီးဆုံးအချက်ပါ။ ကန်နွန်ကင်မရာရှိတယ်ဆိုကြပါစို့၊ ကင်နွန်တံဆိပ် မှန်ဘီလူးပဲဝယ်ရမယ်လို့ မဆိုလိုပေမယ့်လည်း ကင်နွန်မှာ တပ်လို့ရတဲ့ မှန်ဘီလူးဖြစ်ဖို့ အရေးကြီးပါတယ်။ Sigma, Tokina နဲ့ Tamron လိုမျိုးတံဆိပ်တွေရှိပြီး ကင်မရာတံဆိပ်တိုင်းလိုလိုအတွက် များသောအားဖြင့် စျေးသက်သက်သာသာနဲ့သုံးလို့ရအောင် မှန်ဘီလူးတွေကိုထုတ်လုပ်ကြပါတယ်။

– အကြံပြုချက်များ

ယခုနှစ်ပိုင်းတွေမှာ မှန်ဘီလူးတော်တော်များများကို ကျွန်တော်အသုံးပြုခဲ့ပြီးတော့ ကျွန်တော်အရင်တုန်းက မသုံးဖူးခဲ့တဲ့ မှန်ဘီလူးတွေရဲ့ စွမ်းဆောင်ရည်ကိုပါတွေ့ခဲ့ပြီးပါပြီ။ ခင်ဗျားတို့ shopping ထွက်ဖို့လမ်းကြုံခဲ့ရင်/ထွက်တဲ့အခါ အောက်ပါမှန်ဘီလူးတွေကို ရွေးချယ်ပါလို့ တိုက်တွန်းပါရစေ။

Cropped Sensor Camera တွေအတွက်

Sigma 10-20mm f/4-5.6

ကျွန်တော့ရဲ့ အကြိုက်ဆုံးတစ်လုံးပါ၊ Ultra Wide Angle ဆိုတာနဲ့ ဒီမှန်ဘီလူးကို ကောက်ထည့်ပြီးသားဖြစ်နေတဲ့အထိကြိုက်ပါတယ်။ အရည်အသွေးမြင့်ပေမယ့် စျေးသက်သာသလို့ ပြတ်သားတဲ့ ပုံရိပ်တွေကို distortion နည်းနည်း နဲ့ ရိုက်ကူးနိုင်ပါတယ်။ ငွေကြေးသက်သာတယ်၊ Aperture ကို f/၄ အထိပဲဖွင့်လို့ရတယ်ဆိုပေမယ့် landscape မှာတော့အရေးမကြီးလှပါဘူး။ Sigma က ဒီမှန်ဘီလူးကို DSLR ကင်မရာတံဆိပ်တိုင်းအတွက်ထုတ်လုပ်ပေးထားပါတယ်။

http://annemckinnell.com/
http://annemckinnell.com/

Canon 10-22mm f/3.5-4.5

ကင်နွန်ရဲ့ ကိုယ်တိုင်ထုတ် မှန်ဘီလူးဖြစ်ပြီါ် Sigma ရဲ့ 10-22 mm လိုပါပဲ။ အလွန်ပဲကြည်လင်ပြတ်သားသလို distortion နည်းနည်းပဲ ပေးပါတယ်။ Sigma ထက်စျေးနည်းနည်းကြီးပြီး Canon ကင်မရာမှာပဲတပ်ဆင်လို့ရပါတယ်။

http://annemckinnell.com/
http://annemckinnell.com/

Nikon 10-24mm f/3.5-4.5G

ဒါကတော့ အထက်ဖော်ပြပါ မှန်ဘီလူးတွေရဲ့ နီကွန် ဗားရှင်းပါ၊ မှန်ဘီလူးကောင်းတစ်လုံးဖြစ်သလို ကန်နွန်ဗားရှင်းကို ကောင်းကောင်းယှဉ်နိုင်ပေမယ့် စျေးပိုကြီးပါတယ်။ နီကွန်အတွက်ပဲ အသုံးပြုလို့ရပါတယ်။

http://annemckinnell.com/
http://annemckinnell.com/

Tokina 11-16mm f/2.8

Third party မှန်ဘီလူးအမျိုးအစားနောက်တခုဖြစ်ပြီး DSLR တိုင်းအတွက် ထုတ်လုပ်ထားပါတယ်။ Cropped sensor ကင်မရာတွေအတွက် အကောင်းဆုံး မှန်ဘီလူးတောင်ဖြစ်နိုင်ပါတယ်။ Distortion မရှိသလို အလွန် ပြတ်သားတဲ့ပုံရိပ်တွေရနိုင်ပါတယ်။ အကောင်းဆုံးအချက်တစ်ခုက f/2.8 အသေထားလို့ရလို့ indoor တွေမှာပါ ကောင်းကောင်းအသုံးပြုနိုင်ပါတယ်။

http://annemckinnell.com/
http://annemckinnell.com/

Nikon 35mm f/1.8G

Standard wide angle မှန်ဘီလူးဖြစ်ပြီး ငွေကြေးချွေတာရတဲ့ နီကွန်သမားတွေအတွက် သင့်တော်ပါတယ်။ Aperture ကျယ်ကျယ်ရှိပြီး အလင်းအမှောင်နေရာမရွေးဘဲ အသုံးပြုနိုင်ပါတယ်။

http://annemckinnell.com/
http://annemckinnell.com/

Cropped sensor သို့မဟုတ် Full frame ကင်မရာတွေအတွက်

Full frame မှန်ဘီလူးတွေက cropped sensor ဘော်ဒီတွေမှာ အသုံးပြုလို့ရပါတယ်။ စျေးနည်းနည်းပိုကြီးသော်ငြားလဲ ပိုကောင်းတဲ့အရည်အသွေးတွေ ပိုင်ဆိုင်ထားကြပါတယ်။ ကျွန်တော့်ရဲ့ အကြိုက်ဆုံးမှန်ဘီလူးတွေကို ကြည့်လိုက်ပါဦး

Sigma 12-24mm f/4.5-5.6

http://annemckinnell.com/
http://annemckinnell.com/

Full frame ကင်မရာတွေအတွက် အကျယ်ဆုံးမှန်ဘီလူးဖြစ်ပြီး DSLR တိုင်းအတွက်အကောင်ဆုံးပုံရိပ်တွေရအောင် ပြုလုပ်ထားပါတယ်။

Canon 14mm f/2.8L

http://annemckinnell.com/
http://annemckinnell.com/

ဒီမှန်ဘီလူးကို professional lens စာရင်းထဲမှာ ထည့်သွင်းထားပြီး စျေးကလည်း မသေးပါဘူး။ ပုံထွက်ကအပြစ် ပြောစရာမရှိသလို distortion မရှိတဲ့ မြင်ကွငး်ကျယ်မှန်ဘီလူးတစ်လုံးဖြစ်ပါတယ်။

Nikon 14-24mm f/2.8G

http://annemckinnell.com/
http://annemckinnell.com/

နီကွန်သမားတွေအတွက် အကြီးကျယ်ဆုံးသော မြင်ကွင်းကျယ်မှန်ဘီလူးဖြစ်ပါတယ်။ ခင်ဗျားပေးလိုက်ရတဲ့ ငွေတပြားချင်းစီအတွက် ပေးရကြိုးနပ်တဲ့ ကြည်လင်မှု အရောင်အနုအရင့်စတာတွေ ပြန်ရစေမယ့် မှန်ဘီလူးကောင်းဖြစ်ပါတယ်။

Canon 20mm f/2.8

http://annemckinnell.com/
http://annemckinnell.com/

Ultra wide နဲ့ regular wide အကြားက မှန်ဘီလူးတစ်လုံးဖြစ်ပါတယ်။ 20 mm အတွက် ငွေကြေးသိပ်မပေးရဘဲ တော်တော်လေးကျယ်တဲ့ မှန်ဘီလူးတစ်လုံးဖြစ်ပါတယ်။

Canon 24-105mm f/4L

http://annemckinnell.com/
http://annemckinnell.com/

ကျွန်တော့်ရဲ့ အကြိုက်ဆုံးမှန်ဘီလူးဖြစ်ပြီး အများဆုံးအသုံးပြုတဲ့မှန်ဘီလူးဖြစ်ပါတယ်။ အလွန်ကောင်းမွန်တဲ့ focal length ရှိပြီး ဘယ်လိုအခြေအနေမျိုးဖြစ်ဖြစ် အသုံးပြုဖို့ သင့်တော့်ပါတယ်။ Canon 5D ကင်မရာနဲ့ အတူတွဲပြီးရောင်းချလေ့ရှိပြီး သူ့ချည်း သပ်သပ် ဝယ်ယူလို့လဲရပါတယ်။

Nikon 24-70 f/2.8G

http://annemckinnell.com/
http://annemckinnell.com/

နီကွန်ရဲ့ Dream Team မှာ ဒုတိယလိုက်တဲ့ Professional မှန်ဘီလူးဖြစ်ပါတယ်။ အလယ်အလတ်ရှိတဲ့ wide angle နဲ့ အတူ telephoto ကိုပဲတွဲထားလို့ အခြားသောမှန်ဘီလူးတိုင်းလိုလိုထက် ပိုကောင်းနေတာဖြစ်ပါတယ်။

Canon 50mm f/1.8

http://annemckinnell.com/
http://annemckinnell.com/

Canon သမားတိုင်းအတွက် မရှိမဖြစ်မှန်ဘီလူးဖြစ်ပါတယ်။ စျေးအသက်သာဆုံးနဲ့ အလွန်ပြတ်သားပြီး အလင်းရောင်နည်းတဲ့နေရာတွေမှာ အသုံးပြုဖို့ aperture ကျယ်တပ်ဆင်ထားပါတယ်။ ဘယ်လိုဓါတ်ပုံမျိုးမှာဖြစ်ဖြစ် အသုံးပြုလို့ရနိုင်ပြီး Landscape အတွက်ဆိုရင်လညး် ပိုပြီးအသေးစိတ်ကျတဲ့ ဓါတ်ပုံမျိုးရနိုင်ပါတယ်။

Nikon 50mm f/1.8G

http://annemckinnell.com/
http://annemckinnell.com/

ကင်နွန်လိုမျိုးထုတ်လုပ်ထားတဲ့ နီကွန်ရဲ့ဒီမှန်ဘီလူးက ကင်နွန်လိုတော့ စျေးမသက်သာပေမယ့် လက်လှမ်းမီတဲ့အထဲမှာ ရှိနေပါသေးတယ်။ အလွန်ပဲ ပြတ်သားတဲ့ ပုံရိပ်တွေက သူ့ထက် စျေးပိုကြီးတဲ့ နီကွန်ရဲ့ 50 mm f/1.4 မှန်ဘီလူးထက် ပိုကောင်းလွန်းပါတယ်။

Canon 70-300mm f/4.5-5.6

http://annemckinnell.com/
http://annemckinnell.com/

Canon ရဲ့ 70-200 mm မှန်ဘီလူးတွေကို လူတော်တော်များများက အကြံပေးကြပေမယ့် ကျွန်တော်ကတော့ Landscape နဲ့ wildlife အတွက်ဆိုရင် စျေးလဲပိုသက်သာ focal length လဲပိုများတဲ့ 70-300 ကိုပဲရွေးချယ်ချင်ပါတယ်။

Nikon 70-300mm f/4-5.6G

http://annemckinnell.com/
http://annemckinnell.com/

အထက်က မှန်ဘီလူးလိုပဲ နီကွန်ဗားရှင်းဖြစ်ပါတယ်။ စျေးသက်သာပေမယ့် အရည်အသွေးကောင်းပါတယ်။

သင့်ရဲ့ ကင်မရာကို ကင်မရာအရောင်းဆိုင်ကိုယူသွားပြီးရွေးချယ်ခြင်းဟာ အကောင်းဆုံးမှန်ဘီလူးရွေးချယ်ခြင်းဖြစ်ပါတယ်။ ဆိုင်ကောင်းတွေက ဘယ်ဆိုင်မဆို သင့်ရဲ့ကင်မရာနဲ့ သူတို့ရဲ့မှန်ဘီလူးတွေကို စမ်းသပ်ခွင့်ပေးပါလိမ့်မယ်။ ဒါမှမဟုတ် ကင်မရာအပိုပစ္စည်းငှားတဲ့ဆိုင်က တစ်ရက်လောက်ငှားရမ်းအသုံးပြုပြီးမှ ဝယ်ယူဖို့ဆုံးဖြတ်ကြည့်ပါ။ ဒီလိုလုပ်ခြင်းတွေအားဖြင့် ပထမကြိမ်အတွေ့အကြုံတစ်ခုတည်းကြောင့်တင်မဟုတ်ဘဲ သေချာနားလည်သဘောပေါက်မှာဖြစ်သကဲ့သို့ ဝယ်မယ့်မှန်ဘီလူးက ကိုယ့်ကင်မရာနဲ့ ကိုက်မကိုက်ကို သေချာဆုံးဖြတ်နိုင်ပါလိမ့်မယ်။

Portrait ဓါတ်ပုံဆရာတွေအတွက် အကောင်းဆုံး မှန်ဘီလူး ၈ လုံး ကိုလည်းဆက်လက်ဖတ်ရှုနိုင်ပါတယ်။

ကိုးကား။ ။ Best Lenses for Landscape Photography By Anne McKinnell


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

1 Comment on Landscape ဓါတ်ပုံပညာအတွက် အကောင်းဆုံးမှန်ဘီလူးများ

  1. The focal length of a lens determines its field of view on your camera. If it has a long focal length, it has a narrow field of view, making the things in front of you appear large in the photograph. If it has a short focal length, it has a large field of view–it’s a “wide angle” lens that takes in a large area, making objects appear small.

Leave a Reply

Your email address will not be published.


*