Metering Mode တွေကို အရည်ကြိုသောက်ခြင်း

Unicode Version | Zawgyi-One Version

ခေတ်ပေါ် DSLR ကင်မရာတိုင်းမှာ Metering Mode လို့လူသိများတဲ့ Camera Metering သို့မဟုတ် Exposure Metering သို့မဟုတ် Metering လို့ ခေါ်ကြတဲ့ လုပ်ဆောင်ချက်တစ်ခုပါရှိပါတယ်။ ဒီလုပ်ဆောင်ချက်ဆိုတာ ဓါတ်ပုံဆရာတွေကို အလုပ်ရှုပ်သက်သက်သာသာနဲ့ လွယ်လွယ်ကူကူပဲ exposure ကို ထိန်းချုပ်သုံးပြုနိုင်အောင် ကူညီပေးတဲ့အတွက် Metering ဘယ်လိုအလုပ်လုပ်သလဲဆိုတာ သိရှိထားဖို့ အရေးကြီးလှပါတယ်။ ဒီဆောင်းပါးမှာတော့ metering ဆိုတာဘာလဲ? သင့်ရဲ့ ဓါတ်ပုံပညာကို ဘယ်လိုမျိုးတိုးတက်အောင် metering ကို အသုံးပြုနိုင်သလဲဆိုတာ တင်ပြပေးသွားမှာဖြစ်ပါတယ်။

ကျွန်တော့်ရဲ့ ပထမဆုံး DSLR (Nikon D80) စတင်ပိုင်ဆိုင်တဲ့အချိန်တုန်းက တချို့ပုံတွေထွက်လာရင် အရမ်းလင်းနေပြီး တချို့ပုံတွေကျတော့ မှောင်နေတာကို သတိထားမိပြီး တော်တော်စိတ်ပျက်မိပါတယ်။ ဒီကိစ္စကိုဘယ်လိုဖြေရှင်းရသလဲဆိုတဲ့ အဖြေကို ကျွန်တော် Metering modes တွေကို လေ့လာတဲ့အချိန်အထိ မသိခဲ့ဘူးလို့ ဝန်ခံပါတယ်။

၁) Metering ဆိုတာဘာလဲ?

သင့်ကင်မရာကနေ ကင်မရာဆင်ဆာထဲကိုရောက်ရှိတဲ့ အလင်းအရောင်အနေအထား ကိုအခြေခံပြီး မှန်ကန်တဲ့ shutter speed နဲ့ aperture ကို ဆုံးဖြတ်နိုင်ဖို့ Metering ကိုအသုံးပြုရပါတယ်။ ဟိုးယခင်တုန်းကတော့ ကင်မရာတွေမှာ Metering ဆိုတာမပါတဲ့အတွက် အကောင်းဆုံး exposure ကိုရရှိဖို့ ဓာတ်ပုံဆရာတွေက လက်ကိုင် light meter တွေအသုံးပြုခဲ့ရပါတယ်။ ဖလင်ပေါ်မှာ ရိုက်ကူးခြင်းဖြစ်ခဲ့လို့ exposure မှန်မမှန်ကို ချက်ချင်း ပြန်ကြည့်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ အဲဒီအတွက် လက်ကိုင် light meter တွေအရေးပါခဲ့ခြင်းဖြစ်ပါတယ်။

ယနေ့အချိန်မှာတော့ DSLR ကင်မရာတိုင်းမှာ Light meter ဆိုတာ ပါဝင်နေပြီးဖြစ်လို့ အလင်းအမှောင်အနေအထားကို မူတည်ပြီး အကောင်းဆုံး exposure ရအောင် အလိုအလျှောက်တွက်ချက်ပေးပါတယ်။ ခေတ်ပေါ်ကင်မရာတွေမှာ အများဆုံးတွေ့ရတဲ့ metering mode တွေကတော့

  • Matrix Metering ( Nikon) နဲ့ Evaluative Metering (Canon)
  • Center-weighted Metering
  • Spot Metering တို့ဖြစ်ကြပါတယ်။

အချို့သော Canon EOS ကင်မရာတွေမှာတော့ Partial Metering ဆိုတာ ပါဝင်ပြီး Spot Metering နဲ့ အတော်လေးဆင်တူပြီး coverage area က center အတွက်ဆိုရင် ၈% နဲ့ spot အတွက်ဆိုရင် ၃.၅ % ပိုကြီးပါတယ်။

အထူးသဖြင့် ခင်ဗျား Manual mode နဲ့ ဓာတ်ပုံရိုက်ကူးတဲ့အချိန်မှာ ၀ ကိုအလယ်မှာ ထားတာတဲ့ ဘားတန်းတစ်ခုကို viewfinder မှာ တွေ့ရမှာပါ။ အောက်ပါ ပုံကို ကြည့်လိုက်ပါ။

photographylife.com
photographylife.com

 

အကယ်၍များ သင့်ကင်မရာကို အလင်းရောင်များတဲ့ နေရာဘက်ကို ချိန်လိုက်တယ်ဆိုကြပါစို့၊ အထက်မှာ ပြထားတဲ့ ဘားတန်းလေးက + ဘက်ကို တိုးသွားပြီး လက်ရှိ exposure အတွက် အလင်းရောင်များနေတယ်ဆိုတဲ့ အချက်ကို ဖော်ပြပေးမှာဖြစ်ပါတယ်။ ထို့အတူပဲ အလွန်မှောင်တဲ့ ဘက်ကို ကင်မရာကို ချိန်လိုက်ရင်တော့ ဘားတန်းလေးက – ဖက်ကို တိုးသွားပြီး အလင်းမလုံလောက်ဘူးဆိုတဲ့ အချက်ကို ဖော်ပြပေးမှာဖြစ်ပါတယ်။ အဲဒီအချိန်မှာ ခင်ဗျားက shutter speed ကို ပြောင်းပေးခြင်းအားဖြင့် ဘားတန်းလေးက 0 ပြန်ဖြစ်သွားအောင်လုပ်ဆောင်ပေးခြင်းဖြင့် အကောင်းဆုံး exposure ရအောင် ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

ဒီ Metering Mode က Manual Mode တစ်ခုတည်းအတွက်သာ အသုံးဝင်တာမဟုတ်ပါဘူး။ အခြားသော Aperture Mode သို့မဟုတ် Shutter သို့မဟုတ် Program mode တွေအတွက်ပါ အသုံးဝင်ပါတယ်။

၁.၁) Metering နဲ့ ပြဿနာ

ကင်မရာရဲ့ Metering က ရိုက်ကူးမယ့် viewfinder ထဲက မြင်ကွင်းထဲမှာ အညီအမျှအလင်းရောင်ရှိနေရင် အဆင်ပြေပါတယ်။ သို့ပေမယ့်လည်း အလင်းအရောင်မညီမျှတဲ့အခြေအနေမှာဆိုရင်တော့ မှန်ကန်တဲ့ exposure ကိုရရှိအောင် တွက်ချက်ဖို့ ခက်ခဲပါတယ်။ ဥပမာ ကောင်းကင်ပြာကြီးပါဝင်တဲ့ ဓာတ်ပုံတစ်ပုံရိုက်တယ်ဆိုကြပါစို့၊ exposure က မှန်မှန်ကန်ကန်ဖြစ်ပေမယ့် တိမ်ဖြူဖြူတွေ ကောင်းကင်မှာ တပိုင်းတစ ဖုံးအုပ်နေတဲ့အချိန်မှာတော့ ကင်မရာရဲ့ meter အနေနဲ့ ကောင်းကင်ရဲ့ အပြာရောင်အပြင် တိမ်တွေရဲ့ ဖြူနေတဲ့ အရောင်ကို ပါ တွက်ချက်ပေးရလို့ မှန်ကန်တဲ့ exposure မရရှိနိုင်တော့ပါဘူး။ အဲဒီအတွက်ကြောင့် ကောင်းကင်ပြာကို exposure အမှန်ယူလိုက်ရင် တိမ်တွေ over exposure ဖြစ်ကုန်ပြီး တိမ်တွေကို exposure ယူလိုက်ရင်တော့ ကောင်းကင်ပြာက under exposure ဖြစ်သွားမှာပါ။

အဲဒီအခြေအနေမှာပဲ သင့်ရဲ့ frame ထဲကို တောင်တန်းကြီးတစ်ခုထည့်ကြည့်လိုက်ပါ။ ကောင်းကင်ပြာနဲ့ တိမ်တွေထက် မှောင်နေတဲ့ object ကြီးတစ်ခုရောက်လာတဲ့အတွက် ဒီ တောင်တန်းကြီးအတွက် exposure ကို ပြန်ညှိပေးမှာဖြစ်ပြီး အခြားသော တိမ်တွေ ကောင်းကင်ပြာတွေအတွက်တော့ exposure မမှန်တော့ပါဘူး။ ပုံမှန်အားဖြင့် ကင်မရာရဲ့ meter က ဓာတ်ပုံ frame တစ်ခုလုံးရဲ့ အလင်းအမှောင်ကို အလင်းဆုံးနဲ့ အမှောင်ဆုံးနေရာတွေအပေါ် ခြုံငုံကြည့်ပြီး အကောင်းဆုံး exposure ကိုရရှိဖို့ တွက်ချက်ပေးပါတာဖြစ်ပါတယ်။

၂) Matrix / Evaluative Metering

DSLR ကင်မရာတွေရဲ့ အခြေခံ metering mode ကိုပြပါဆိုရင် Matrix သို့မဟုတ် Evaluative ပဲဖြစ်ပါတယ်။ ကျွန်တော် အထက်မှာ တင်ပြခဲ့တဲ့ ဥပမာနဲ့ အနီးစပ်ဆုံးတူညီစွာအလုပ်လုပ်ပြီး frame တစ်ခုလုံးကို ဇုန်လေးတွေ အများအပြားခွဲလိုက်တာပါ။ ပြီးမှာ တစ်ခုခြင်းစီကို အလင်းအမှောင်အနေအထား စိစစ်ပါတယ်။ အဓိကအချက်ကတော့ ကင်မရာရဲ့ focus ဖြတ်ထားတဲ့ နေရာရဲ့ အရောင်၊ အကွာအဝေး၊ subject နဲ့ အလင်း စတာတွေက Matrix metering ကို သက်ရောက်စေပါတယ်။ Frame ထဲက focus ဖြတ်ထားတဲ့နေရာက ဇုန်တစ်ခုခြင်းစီက အချက်အလက်တွေကို စုဆောင်းပြီးတဲ့ အချိန်မှာတော့ meter က စတင်ပြီး တွက်ချက်ပါတယ်။ ထို့အတွက်ကြောင့် frame တစ်ခုလုံးမှာ focus ဖြတ်ထားတဲ့ နေရာက အဓိကလို့ ဆိုရင် မမှားပါဘူး။ နောက်တစ်ချက်က ကင်မရာ ထုတ်လုပ်သူပေါ်မူတည်ပြီး ဒီတွက်ချက်မှုက ကွဲပြားနိုင်ပါတယ်။ ဥပမာ နီကွန်ဆိုရင်တော့ သူ့ရဲ့ ယခင်က ရိုက်ဖူးခဲ့တဲ့ ပုံဟောင်းတွေရဲ့ setting နဲ့ တိုက်ပြီး exposure ကိုတွက်ချက်တယ်လို့ သိရပါတယ်။

Matrix Metering
Matrix Metering

ဒီ Mode ကိုတော့ ဘယ်အချိန်ဖြစ်ဖြစ် အသုံးပြုသင့်ပါတယ်၊ သင့်ကင်မရာအတွက် အတော်လေး အဆင်ပြေတဲ့ exposureကို ဒီ mode က အမြဲလိုလို တွက်ချက်ပေးပါတယ်။ ကျွန်တော့်ကင်မရာရဲ့ metering mode ကို အချိန်တိုင်းလိုလို matrix metering နဲ့ ချိန်ထားလေ့ရှိပါတယ်။

၃) Center-weighted Metering

Frame တစ်ခုလုံးကို အသုံးပြုပြီး မှန်ကန်တဲ့ exposure ကို ဆုံးဖြတ်ခြင်းဟာ တကယ်တော့အမြဲတမ်းအသုံးမဝင်နိုင်ပါဘူး။ ဥပမာ ဗျာ နေလုံးကို နောက်ခံအထားပြီး လူတစ်ယောက်ရဲ့ ဦးခေါင်းပိုင်းကို ရိုက်ကြည့်လိုက်ပါ။ ဒီနေရာမှာ center-weighted metering ကိုလိုအပ်ပြီဆိုတာ သိလာပါလိမ့်မယ်။ center-weighted metering ဆိိုတာ frame ရဲ့ အလယ်ပိုင်းကိုပဲ မှန်ကန်တဲ့ exposure တွက်ချက်ပြီး ကျန်တဲ့ အစိတ်အပိုင်းတွေကို မေ့ထားလိုက်ခြင်းဖြစ်ပါတယ်။ Matrix metering နဲ့ မတူတာက center-weighted metering က focus point ကို အသုံးမပြုဘဲ frame ရဲ့ ဗဟိုကိုသာ အခြေခံပြီး exposure ကိုတွက်ချက်ပါတယ်။

Center-weighted Metering
Center-weighted Metering

ခင်ဗျားအနေနဲ့ frame ရဲ့ ဗဟိုပိုင်းကိုသာ အဓိကထားပြီးပေါ်စေချင်တဲ့ အချိန်မျိုးမှာ ဥပမာ အနီးကပ် portraitတွေနဲ့ frame ရဲ့ အလည်မှာ ကြီးမားတဲ့ subject တွေရှိတဲ့ အချိန်မှာ center-weighted metering က အလွန်အသုံးဝင်ပါတယ်။ နေလုံးကြီးကို နောက်ခံထားပြီး subject ကို portrait ရိုက်ကူးမယ်ဆိုရင်တော့ ဒီ မော်ဒယ်ရဲ့ မျက်နှာနဲ့ ခန္ဒာကိုယ် အထက်ပိုင်းကို မှန်ကန်တဲ့ exposure ရမှာဖြစ်ပါတယ်။
၃) Spot Metering

Focus point ရဲ့ ပတ်ဝန်းကျင်က အလင်းအမှောင်ကို အခြေခံပြီးတော့သာ Spot Metering က အလုပ်လုပ်ပါတယ်။ အထူးသဖြင့် ဇုန်ငယ်လေး တစ်ခုတည်းကို သာ အခြေခံပါတယ်။ ကျွန်တော့်ရဲ့ အတွေ့အကြုံအရပြောရရင် ငှက်တွေကို ဓာတ်ပုံရိုက်တဲ့အခါ အသုံးဝင်လှပါတယ်။ ဘာလို့လဲဆိုတော့ ငှက်ရဲ့ အရွယ်အစားက frame နဲ့ ယှဉ်ရင် သေးငယ်တဲ့ ပမာဏဖြစ်တဲ့ အတွက်ကြောင့်ပါ။ နောက်ခံအလင်းရောင်က လင်းသည်ဖြစ်စေ၊ မှောင်သည်ဖြစ်စေ၊ ငှက်ကိုသာ မှန်ကန်တဲ့ exposure လိုချင်တဲ့အတွက် အသုံးပြုရခြင်းဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီ spot metering က ငှက်ကို focus ဖြတ်တဲ့နေရာကိုသာ တွက်ချက်ပေးတဲ့အတွက် ငှက်က frame ရဲ့ ဘယ်နေရာရောက်ရောက် အဆင်ပြေပါတယ်။ ထို့အတူပါပဲ နေလုံးကို နောက်ခံထားပြီး ထောင့်ဖက်ကိုရောက်နေတဲ့ subject တွေအတွက်လဲ spot metering ကအသုံးဝင်ပြန်ပါသေးတယ်။ subject တွေက frame ထဲမှာ နေရာသိပ်မယူပဲ focus ဖြတ်ထားဖို့လိုအပ်တဲ့အခါ matrix နဲ့ center-weighted metering တွေကိုအသုံးပြုရင် အလင်းရောင်နောက်ခံနဲ့ silhouette ပုံရိပ်တွေထွက်လာပါလိမ့်မယ်။ ထို့အတွက် spot metering ကိုအသုံးပြုခြင်းက ဒီအခြေအနေမှာ exposure မှန်မှန်ကန်ကန်ရဖို့ အကောင်းဆုံးဖြစ်ပါတယ်။

 

Spot Metering
Spot Metering

နောက်ထပ် ဥပမာကောင်းတစ်ခုက လ ကို spot metering နဲ့ ဓာတ်ပုံရိုက်ကူးခြင်းဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ frame ထဲက နေရာအနည်းငယ်ကိုသာ လ က နေရာယူထားတာဖြစ်ပြီး နေရာလွတ်ဖြစ်တဲ့ ကောင်းကင်က မှောင်နေမှာဖြစ်ပါတယ်။ Spot metering ကို ဒီနေရာမှာ အသုံးပြုရင် အမှန်ကန်ဆုံး exposure ကို ရရှိမှာဖြစ်ပါတယ်။
Canon 5D လိုမျိုး ကင်မရာတွေမှာတော့ multi-spot metering ဆိုတာတောင် ပါရှိပြီး frame တစ်ခုတည်းက နေရာတော်တော်များများကို တပြိုင်နက် exposure တွက်ချက်ပေးနိုင်ပါတယ်။

၅) Metering mode တွေကို ဘယ်လိုပြောင်းမလဲ?

ကင်မရာထုတ်လုပ်သူတွေမတူတဲ့အတွက် metering mode ပြောင်းနည်းက ကံမကောင်းစွာနဲ့ပဲ တံဆိပ် တစ်ခုနဲ့ တစ်ခု မတူညီကြပါတဘူး။ နီကွန် D5300 ကို ဥပမာပေးရင်တော့ metering mode က menu အောက်မှာ ရှိပါတယ်။ D810 နဲ့ D4s တွေကျတော့ သီးခြား ခလုပ်တစ်ခုအနေနဲ့ ကင်မရာဘော်ဒီပေါ်မှာ တပ်ဆင်ထားပါတယ်။ ကင်နွန်အတွက်လည်း ဒီအတိုင်းပါဘဲ မော်ဒယ်တစ်ခုနဲ့ တစ်ခုမတူညီကြပါဘူး။ Semi-Pro နဲ့ Pro မော်ဒယ်တွေမှာ ကင်မရာဘော်ဒီမှာ top display အနီးမှာ ခလုပ်တပ်ဆင်ပေးထားတာတွေ့နိုင်ပါတယ်။ Set ဆိုတဲ့ ခလုပ်အောက်မှာရှိတဲ့ ကင်မရာ menu မှာလဲ metering mode ကို တွေ့နိုင်ပါတယ်။

ကိုးကား။ ။NASIM MANSUROV ရဲ့Understanding Metering and Metering Modes ကို ဘာသာပြန်ပါသည်။


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

1 Comment on Metering Mode တွေကို အရည်ကြိုသောက်ခြင်း

Leave a Reply

Your email address will not be published.


*