Panning ဓါတ်ပုံတွေကို ဘယ်လိုရိုက်ကြမလဲ

Panning ဓါတ်ပုံနမူနာ၊ နေပူပူအောက်မှာ ISO 160, 31mm, f/22, 1/25 secs နဲ့ရိုက်ကူးထားခြင်းဖြစ်ပါတယ်။
Unicode Version | Zawgyi-One Version

ဒီနေ့မှာတော့ ဓါတ်ပုံရိုက်ကူးခြင်း နည်းပညာတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒါကတော့ Panning ဆိုတဲ့နည်းဖြစ်ပါတယ်။ Panning ဆိုတာဘာလဲဆိုတဲ့ မေးခွန်းနဲ့ ကျွန်တော်တို့ ဒီဆောင်းပါးကို စလိုက်ရအောင်။

Panning ဓါတ်ပုံရိုက်ကူးခြင်းနည်းစနစ်ဟာ အရမ်းကိုရိုးရှင်းပါတယ်။ Manual သို့မဟုတ် Shutter mode နဲ့ ချိန်ပြီး ရိုက်လို့ရတဲ့ ဘယ်ကင်မရာမဆိုအသုံးပြုပြီး ရိုက်ကူးနိုင်ပါတယ်။ ရှင်းရှင်းလေးပါဘဲ Shutter speed နဲ့ Aperture ကို သင့်လျော်သလို ချိန်ပြီး သွားနေတဲ့အရာတွေရဲ့ လမ်းကြောင်းတိုင်း ကင်မရာနဲ့ ချိန်ပြီး ရိုက်ကူးလိုက်ရင်ရပါပြီ။ ဘယ်လိုပုံရိပ်တွေများထွက်လဲမလဲကို မှန်းကြည့်လိုက်ပါ၊ နောက်ခံမှာ ဝါးပြီး ပြေးနေသလို၊ လှုပ်ရှားသွားလာနေသလိုဖြစ်နေတဲ့ subject တွေပါတဲ့ ဓါတ်ပုံတစ်ပုံထွက်လာမှာပါ။ အရမ်းလွယ်ကူတယ်လို့ခင်ဗျားထင်ကောင်းထင်နေပါမယ့် ဒါပေမယ့် သူ့မှာ ရိုက်ကူးနည်းလေးတွေ လျှို့ဝှက်ချက်လေးတွေရှိပါတယ်။

panning03_dpmm copy right soepyaeoo
Panning ဓါတ်ပုံနမူနာ၊ နေပူပူအောက်မှာ ISO 160, 29mm, f/22, 1/25 secs နဲ့ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ copy right soepyaeoo

Panning ကိုဘယ်လိုရိုက်သလဲဆိုတာဆက်ရအောင်၊ ကျွန်တော်အခုဖော်ပြမယ့် အချက်လေးတွေက ရိုးရှင်းပေမယ့် Panning ဓါတ်ပုံပညာကို ဘယ်လို လွယ်လွယ်နဲ့ ရိုက်ကူးနိုင်မလဲ ဆိုတာ ရှင်းပြပေးသွားပါလိမ့်မယ်။ ခင်ဗျားကင်မရာရဲ့ Shutter Speed ကို ပုံမှန်အနေအထားထက် ပိုနှေးအောင် ချိန်ပေးလိုက်ပါ၊ ဒါပေမယ့် သိထားရမှာက အရမ်းနှေးလွန်းရင်လဲ focus ဖြတ်ရခက်ပြီး ပြတ်သားတဲ့ subject တွေရနိုင်မှာမဟုတ်ပါဘူး။ ဥပမာဗျာ၊ လမ်းပေါ်က သွားနေတဲ့ ကားတစ်စီးကို ရိုက်မယ်ဆိုပါစို့၊ shutter speed ကို 1/60 လောက်စပြီးချိန်ပြီး ကိုယ်လိုချင်တဲ့ ပုံအနေအထားရတဲ့အထိ shutter speed ကိုကစားကြည့်ပါ။ စက်ဘီးသို့မဟုတ် ပြေးနေတဲ့သူတွေဆိုရင် ဒီထက် ပိုပြီး နှေးတဲ့ shutter speed ကို ချိန်ကြည့်ပါ။ ဥပမာ လမ်းလျှောက်နေတဲ့လူ သို့မဟုတ် သွားနေတဲ့ စက်ဘီးတစ်စီးကို ရိုက်မယ်ဆိုပါစို့1/30 လောက်ချိန်ထားပြီး ရိုက်ကြည့်ပါ၊ သွားနေတဲ့ subject ရဲ့ အရှိန်ပေါ်မူတည်ပြီး လိုအပ်တဲ့အနေအထားရောက်အောင် shutter ကို ကစားကြည့်သင့်ပါတယ်။ Shutter က လိုအပ်တာထက် မြန်လွန်းသွားရင်လဲ ဝါးနေတဲ့ နောက်ခံ ပျောက်သွားနိုင်ပါတယ်၊ နှေးလွန်းရင်လဲ subject ပါ ဝါးသွားပြီး ပုံကောင်းတစ်ပုံမရနိုင်လောက်ပါဘူး။

Panning02_dpmm
Panning ဓါတ်ပုံနမူနာ၊ စက်ဘီးစီးသူအတွက် Shutter Speed 1/30 ထားရိုက်ခဲ့ပါတယ်။ copyright soepyaeoo

ခင်ဗျားကင်မရာရဲ့ Focus ကို Auto ပြောင်းထားပြီး Shutter ခလုပ်ကို တဝက်ပဲဖိထားပြီး မြင်ကွင်းထဲကို ဝင်လာတဲ့ subjectကိုရအောင် Focus ဖြတ်ပေးပါ၊ ပြီးတာနဲ့ ရွေ့နေတဲ့ subject အတိုင်း အလိုက်သင့် ကင်မရာကို ချိန်ပေးပါ။ Shutter ခလုပ်ကို တဝက်ပဲ ဖိထားပြီး focus ဖြတ်ထားတဲ့အချိန်မှာ Shutter ကို လွှတ်လိုက်ပါ၊ လွှတ်ပြီးသွားပေမယ့်လည်း subject ရွေ့နေတဲ့လမ်းကြောင်းအတိုင်း လက်ငြိမ်ငြိမ်နဲ့ ဆက်ပြီး စက္ကန့်အနည်းငယ်လောက်အလိုက်သင့် လိုက်ချိန်ပေးဖို့လိုပါတယ်။ တကယ်လို့များ ခင်ဗျားကင်မရာရဲ့ Auto Focus စနစ်က မမြန်ဘူးလို့ထင်ရင် subject လာမယ့်လမ်းကြောင်းကို ကြိုတင်ပြီး focus ဖြတ်ထားလို့လဲရပါတယ်။ ကျွန်တော့်အကြံပေးချက်ကတော့ နေ့လည်ဖက် အလင်းရောင်ကောင်းကောင်းရနေမယ်ဆိုရင် Aperture ကို f/11နဲ့ အထက်ထားပြီးရိုက်ကြည့်လိုက်ပါ။ focus မိဖို့ အခွင့်အလမ်း ပိုများပါတယ်။ နောက်တစ်ချက်ကတော့ ဓါတ်ပုံရိုက်မယ့်နေရာကို သေချာရွေးချယ်ပြီး Frame ကိုသေချာနေရာချပေးပါ။ subject ရဲ့ ရှေ့မှာ frame ရဲ့ လေးပုံ သုံးပုံ သို့မဟုတ် သုံးပုံ နှစ်ပုံလောက် နေရာချန်ပေးရင် အကောင်းဆုံး composition ရနိုင်ပါတယ်။ နောက်တစ်ချက်ကတော့ ကိုယ့်မှန်ဘီလူးရှေ့မှာ အနှောက်အယှက်ဖြစ်မယ့်အရာတွေမရှိစေဖို့လုပ်ထားပါ။ ကျွန်တော့်အတွေ့အကြုံအရ Panning ရိုက်နေတုန်း အရှေ့က တစ်ခုခု ဖြတ်သွားတာ သို့မဟုတ် ရှိနေရင် ကိုယ်လိုချင်တဲ့ သွားနေတဲ့ subject ကို focus လွတ်သွားတတ်ပါတယ်။ Telephoto lens တွေနဲ့ဆိုရင်တော့ အဆင်ပြေနိုင်ပေမယ့် သင့်လျော်တဲ့ အကွာဝေးတစ်ခုကနေရိုက်ဖို့ အကြံပေးချင်ပါတယ်။

ကျွန်တော်ဒီဓါတ်ပုံကို နေပူပူအောက်မှာ ISO 160, 31mm, f/22, 1/25 secs နဲ့ရိုက်ကူးထားခြင်းဖြစ်ပါတယ်။
Panning ဓါတ်ပုံနမူနာ၊ ကျွန်တော်ဒီဓါတ်ပုံကို နေပူပူအောက်မှာ ISO 160, 31mm, f/22, 1/25 secs နဲ့ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ copyright soepyaeoo

နောက်ထပ် အရေးကြီးတဲ့အချက်တစ်ချက်ကတော့ နောက်ခံ background ကို ရှုပ်ရှုပ်ထွေးထွေးတွေ၊ အလွန်တောက်ပတဲ့ အရောင်တွေမဖြစ်ဖို့ပါဘဲ။ အဲလိုရိုက်ကူးမိရင် ကိုယ်ပြချင်တဲ့ subject က ပေါ်သင့်သလောက် ဓါတ်ပုံထဲမှာ မပေါ်ဘဲ ဖြစ်တတ်ပါတယ်။ ကင်မရာကို ကိုယ်ရိုက်ချင်တဲ့ subject နဲ့ ရေပြင်ညီအနေအထားမှာရှိစေဖို့ ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။ ဒါမှသာ ခင်ဗျားလိုချင်တဲ့ နောက်ခံ ဝါးဝါးမှာ လိုင်းစင်းတွေညီညီညာညာပေါ်မှာဖြစ်ပါတယ်။ အရမ်းအရေးကြီးတဲ့ တစ်ချက်ကျန်ပါသေးတယ်။ ဒါကတော့ ကိုယ် Panning ရိုက်တော့မယ်ဆိုရင် ကိုယ့်နားမှာ လုံလောက်တဲ့ နေရာလွတ်တစ်ခုထားပေးပါ။ မဟုတ်ရင်တော့ ခင်ဗျား viewfinder ထဲမှာ အာရုံစိုက်နေတုန်း ဘေးက အရာဝထ္ထုတွေ ပစ္စည်းတွေနဲ့ တိုက်မိသွားနိုင်ပါတယ်။

ပိုကောင်းတဲ့ ပုံလေးတွေရချင်ရင်တော့ mono pod သို့ဟုတ် tripod သုံးပြီးရိုက်ကူးကြည့်ပါ။ အစပိုင်းမှာတော့ ဒီအတိုင်းကင်မရာကို လက်ထဲကိုင်ပြီး ရိုက်ကူးရတာထက်ခက်ခဲပေမယ့် နောက်ပိုင်းမှာ ကျွမ်းကျင်သွားရင်တော့ ပိုပြီးသေသပ်တဲ့ Panning ပုံကောင်းလေးတွေရရှိနိုင်မှာဖြစ်တယ်လို့ အကြံပေးပါရစေ။

Panning ဓါတ်ပုံပညာရဲ့ အနှစ်ချုပ်ကတော့ လေ့ကျင့်မှု၊ ချိန်သားကိုက်မှု တို့ဖြစ်ကြပါတယ်။ ကျွန်တော် ဒီဆောင်းပါးမှာ ပူးတွဲတင်ပြထားတဲ့ နမူနာပုံတွေအတွက် ပုံပေါင်း ၄၀၊ ၅၀ လောက်ရိုက်ခဲ့ရပါတယ်။ အဲဒီတော့ စာဖတ်သူလဲ ကင်မရာကို ခုပဲကောက်ကိုင်ပြီး အိမ်ပြင်ထွက်လိုက်ပါ၊ နီးစပ်ရာ လမ်းမ သို့မဟုတ် Panning ရိုက်လို့ကောင်းတဲ့ နေရာတစ်ခုကိုရှာပြီး စတင်လေ့ကျင့်ပါ။ လေ့ကျင့်လို့ ကျွမ်းကျင်သွားရင်တော့ ဘယ်လို blur effect မျိုးရနိုင်လဲဆိုတာ ကိုယ့်ကင်မရာပေါ်မှာ ကိုယ်တိုင် setting ချိန်တတ်သွားမှာဖြစ်ပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေကို ဒီပုံတွေပြတဲ့အချိန်ကျရင်လဲ မျက်နှာမငယ်ဘဲ ရဲရဲဝံ့ဝံ့နဲ့ ကြွားလို့ရပြီပေါ့။

dpmyanmar.com ရဲ့ ကိုယ်ပိုင်ဆောင်းပါးတစ်ပုဒ်ဖြစ်ပါတယ်။


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

10 Comments on Panning ဓါတ်ပုံတွေကို ဘယ်လိုရိုက်ကြမလဲ

  1. ဆရာအကို…​ကျေးဇူးပါပဲ ကျွန်​​တော် ကျွန်​​တော် ဆရာအကို ​ပြောတဲ့အတိုင်း
    ရိာက်​လိုက်​အောင်​မြင်​ တယ်​ဆရာအကို
    အခွင့်​အ​ရေး ကြုံရင်​…အပြင်​မှာ..တခုခု ​ကျွေးချင်​ပါတယ်​..

    • အဆင်ပြေသွားတယ်ဆိုတာ သိရရင်ပဲ ဝမ်းသာပါတယ်ခင်ဗျာ။

    • ဟုတ်ကဲ့ပါ မနက်ဖြန် တင်ဆက်မယ့် ဆောင်းပါးမှာ ဖတ်ရှုနိုင်ပါတယ်။

  2. Thank Bro.
    တစ်ခြားကင်မရာ ဆောင်ပါးလေးတွေ၊setting အကြောင်းလေးတွေ တင်ပေးပါအုံး။
    lighting ယူပုံလေးတွေပါ တင်ပေးပါအုံး။
    ကျေးဇူးတင်ပါတယ်။

    • ဟုတ်ကဲ့ပါ အလျင်းသင့်သလို တင်ဆက်သွားပါ့မယ်။ ကျေးဇူးတင်ပါတယ်။

  3. အစ်ကိုရေ Nikon D 7200 setting အကြောင်း မြန်မာလိုရေးပေးပါဦး

    • ဟုတ်ကဲ့ပါ အလျင်းသင့်သလို တင်ဆက်သွားပါ့မယ်။ ကျေးဇူးတင်ပါတယ်။

  4. ဆရာ ညဘက်ရော ဒီလိုပုံစံလေးရိုက်လို့ရလားခင်ဗျာ
    အထွန့်တက်တာမဟုတ်ပါဘူးဆရာ

Leave a Reply

Your email address will not be published.


*