Steel Wool ကိုသုံးပြီး ဓာတ်ပုံတွေရိုက်ကြမယ်- Steel Wool Photography

Copyright 2014 soepyaeoo
Unicode Version | Zawgyi-One Version

ဒီနေ့တော့ Steel Wool Photography အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ ခင်ဗျားတို့တွေ တစ်ချို့ဓာတ်ပုံဆရာတွေရိုက်ထားတဲ့ မီးတန်းအဝိုင်းတွေနဲ့ ဓာတ်ပုံတွေကို မြင်ကောင်းမြင်ဖူးကြမှာပါ။ အဲဒါ Steel Wool Photography ပဲဖြစ်ပါတယ်။

Steel Wool Photography ဆိုတာ တကယ်တန်းတော့ Long Exposure ဓာတ်ပုံပညာရပ် အမျိုးအစားတစ်မျိုးဖြစ်ပါတယ်။ Steel Wool လို့ခေါ်တဲ့ သံမဏိ ကြိုးမျှင်လေးတွေ (ပရိဘောဂတွေကို ကော်ပတ်စားတဲ့ သံမဏိမျှင်အနုစား) နဲ့ အနုပညာဆန်တဲ့ ဓာတ်ပုံတွေကို ဖန်တီးတာလို့ ကောက်ချက်ချလို့ရပါတယ်။ ဒီဆောင်းပါးထဲမှာတော့ Steel Wool Photography ကို ဘယ်လိုရိုက်မလဲ၊ ဆောင်ရန်ရှောင်ရန် နှင့် ပုံလှလှလေးတွေရအောင် ဘယ်လိုဖန်တီးလဲဆိုတာတွေကို ဖော်ပြသွားမှာဖြစ်ပါတယ်။

The 7th Lunar month hero by Soe Pyae on 500px.com

Steel Wool နဲ့ ဓာတ်ပုံရိုက်မယ်ဆိုရင် ဘာတွေလိုမလဲ?

http://photoextremist.com/
http://photoextremist.com/

 

Steel Wool နဲ့ ဓာတ်ပုံရိုက်ဖို့ အောက်ပါပစ္စည်းတွေလိုပါမယ်

၁။ Steel Wool။ ကုန်မာပစ္စည်းဆိုင်တချို့မှာရောင်းသလို Amazon မှာလည်းရောင်းပါတယ်။ ရန်ကုန်မှာဆိုရင် လည်းဝယ်ယူလို့ရနေပြီလို့ ကြားပါတယ်။ စျေးမကြီပါဘူး၊ Steel Wool မှာ အမျှင်အရွယ်စားပေါ်မူတည်ပြီ: Grade တွေထပ်ခွဲထားပါတယ်၊ ဓာတ်ပုံရိုက်ဖို့ဆိုရင်တော့ Grade 0, 00, 000 နဲ့ 0000 တွေက အကောင်းဆုံးဖြစ်ပါတယ်။ Grade 1 ထက် ကြီးတဲ့ အရွယ်အစားတွေက မီးစွဲဖို့မလွယ်တဲ့အတွက် ဓာတ်ပုံရိုက်ဖို့အဆင်မပြေပါဘူး။

၂။ ကြိုးတစ်ချောင်း။ ၁ မီတာ သို့မဟုတ် ၁ မီတာထက်ရှည်တဲ့ ကြိုးတစ်ချောင်း

၃။ ကြက်ဥခေါက်တံ။

၄။ DSLR ကင်မရာနဲ့ Tripod ( Remote ပါရင် ပိုကောင်း)

၅။ မီးခြစ် ( 9V ဓာတ်ခဲ နဲ့လဲ အဆင်ပြေတယ်)

၆။ လူနှစ်ဦးအနည်းဆုံး (တစ်ယောက်က ဓာတ်ပုံရိုက်၊ တစ်ယောက်က မီးလှည့်)

၇။ အကာကွယ်ပစ္စည်းများ (ဦးထုပ်၊ လက်အိတ်၊ အကျီလက်ရှည်၊ မျက်မှန် သဖြင့်)

ရိုက်ကူးရန် ပြင်ဆင်ခြင်း

Steel Wool ဓာတ်ပုံပညာဆိုတာ အခြေခံအားဖြင့် Long Exposure ကို တကယ့် မီးအစစ်နဲ့ ရိုက်ကူးတာဖြစ်လို့ တစ်ကိုယ်ရည် လုံခြုံမှုက နံပါတ် ၁ အရေးအကြီးဆုံးဖြစ်ပါတယ်။ ထို့အတွက် Steel Wool နဲ့ဓါတ်ပုံရိုက်ကူးမယ်ဆိုရင် မီးလှည့်တဲ့လူအနေနဲ့ သင့်တော်တဲ့ အကာအကွယ်ရှိထားဖို့အရေးကြီးပါတယ်၊ ဦးထုပ်၊ ဖိနပ်၊ အကျီလက်ရှည်ထူ၊ လက်အိတ် စတာတွေကို ပြင်ဆင်ထားဖို့လိုပါတယ်။

ရိုက်ကူးမယ့်နေရာကို ရွေးချယ်ခြင်းက ဒုတိယအရေးကြီးပါတယ်။ နေရာရွေးတယ်ဆိုတာ အကြောငး်ရှိပါတယ်။ မီးလောင်လွယ်တဲ့ လောင်စာတွေနဲ့ ဝေးရာနေရာမျိုး၊ မြက်ခြောက်တွေ၊ သစ်ရွက်ခြောက်တွေပတ်ဝန်းကျင်မှာ မရှိတဲ့နေရာမျိုးတွေကို မီးဘေးအန္တရာယ်ဖြစ်နိုင်တဲ့ အတွက်ကြောင့် ရှောင်ကျဉ်ပါ။ အကောင်းဆုံးနေရာတွေကတော့ ပင်လယ်ကမ်းခြေ ကျောက်တုံးတွေနား၊ အောက်ခံ ကွန်ကရစ်ကြမ်းခင်းရှိတဲ့နေရာမျိုးနဲ့ တံတားလိုမျိုးနေရာတွေဖြစ်ပါတယ်။ မှောင်နေတဲ့ နေရာတွေက Steel Wool ဓာတ်ပုံတွေရိုက်ကူးဖို့ အကောင်းဆုံးဖြစ်ပြီး အများစုက ညဖက်ရိုက်ကြပါတယ်။

Steel Wool တွေက ပုံမှန်အားဖြင့် ပလတ်စတစ်အိတ်ထဲမှာထည့်ပြီး ဆိုင်မှာရောင်းချတဲ့အတွက် ကျစ်နေတတ်ပါတယ်။ လှပတဲ့ Steel Wool ဓာတ်ပုံရဲ့ လျှို့ဝှက်ချက်ကတော့ ဓာတ်ပုံမရိုက်ခင်မှာ Steel Wool တွေကို လက််နဲ့ဆွဲပြီး ဖွထားလိုက်ခြင်းဖြစ်ပါတယ်။ ကြက်ဥခေါက်တံရဲ့ လက်ကိုင်ကို ကြိုးတပ်ပါ။ ပြီးတော့ ဖွထားတဲ့ Steel Wool အစကို ကြက်ဥခေါက်တံ အတွင်းကို ဖွဖွလေး ထည့်ပါ။ သိပ်ပြီးထည့်လိုက်ရင် မီးတွေမလှတဲ့အပြင် အကုန်လုံးမီးစွဲဖို့ မလွယ်ပါဘူး။

The connections by Soe Pyae on 500px.com

DSLR ကို ပြင်ဆင်ပုံ

Shutter Speed ကို 30 Seconds၊ Aperture ကို F8 ကနေ F16 အတွင်း ၊ ISO: 200 သို့မဟုတ် 100
White Balance: Tungsten/Incandescent ထားပါ။
Focus: Manual Focus ထားပါ။ Focus ဖြတ်နည်း ၂ မျိုးရှိပါတယ်။ ပထမနည်းက ခင်ဗျားရဲ့ မှန်ဘီလူးမှာ Focus Infinity ပါရင် မှန်ဘီလူး ရဲ့ Focusing ring ကို Infinity မှာ ထားလိုက်ပါ။ တကယ်လို့မပါဘူးဆိုရင်တော့ LED မီးသီးတစ်လုံးကို Steel Wool မီးရှို့မယ့် နေရာမှာထွန်းထားပြီး Manual Focus နဲ့ ရအောင်ဖြတ်ပါ။ Auto Focus လုံးဝ မသုံးပါနဲ့။
Tripod သုံးပါ၊ Remote ရှိရင် remote နဲ့ရိုက်ပါ သို့မဟုတ် timer ပေးပြီးရိုက်ကူးပါ။

ရိုက်ကူးခြင်း

ကြိုးတပ်ထားတဲ့ ကြက်ဥခေါက်တံ အတွင်းထည့်သွင်းထားတဲ့ Steel wool ကို မီးခြစ်သို့မဟုတ် 9V ဓါတ်ခဲသုံးပြီးမီရှို့ပါ။ 9V ဓာတ်ခဲသုံးရင် Steel Wool ကို ဓာတ်ခဲရဲ့ အဖိုအမခေါင်း ၂ ဖက်နဲ့ ပွတ်ရင် မီးစွဲပါတယ်။ ပြီးမှ မီးစွဲနေတဲ့ Steel Wool ကို မိမိပေါ်စေချင်တဲ့ဦးတည်ချက်အတိုင်း လှည့်ပေးပါ။ တဖက်ကလည်း ကင်မရာနဲ့ အဲဒီအချိန်တပြိုင်တည်းမှာ ရိုက်ကူးရမှာဖြစ်ပါတယ်။ မိမိရဲ့ ဉာဏ်ကွန့်မြူးသလို ပုံစံအမျိုးမျိုးဖော်လို့ရပါတယ်။
A fire tube by Soe Pyae on 500px.com

 

နိဂုံးချုပ်အနေနဲ့ ကျွန်တော်အထက်က ပြောခဲ့တဲ့အတိုင်း Safety က အလွန်အရေးကြီးပါတယ်။ မီးသတ်ဆေးဘူးအသေးသို့မဟုတ် ရေဘူးဆောင်ထားရင် အကောင်းဆုံးပါ။ တဖက်ကလည်း မိမိကိုယ်ကို မီးမလောင်အောင် ကာကွယ်ဖို့အရေးကြီးပါတယ်။ အသက်အန္တရယ် မရှိဖို့က အဓိကပါ၊ ဓာတ်ပုံက ဒုတိယပါလို့ တိုက်တွန်းချင်ပါတယ်။ လှပတဲ့ Steel Wool ဓာတ်ပုံများရိုက်ကူးနိုင်ကြပါစေ။

Digital Photography Myanmar (http://dpmyanmar.com) ရဲ့ ကိုယ်ပိုင်ဆောင်းပါးတစ်ပုဒ်ဖြစ်ပါတယ်။

 Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*